၉ မတ်လ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံစေဖို့အတွက် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၁၄ စီး ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာမယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ မတ်လ ၈ ရက်နေ့အထိ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီးသား သင်္ဘော ၂ စီးရှိနေပြီး လမ်းခရီးမှာ ၄ စီး၊ ဆီတင်နေဆဲ ၃ စီးနဲ့ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော ၅ စီးရှိနေကာ စုစုပေါင်း ၁၄ စီးရှိနေတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီတွေ အလုအယက် ဝယ်ယူစုဆောင်းတာမျိုး မဖြစ်စေဖို့နဲ့ ချွေတာသုံးစွဲကြဖို့လည်း စစ်ကော်မရှင်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါ့အပြင် တင်သွင်းထားတဲ့ စက်သုံးဆီတွေကို သုံးစွဲသူတွေလက်ထဲ အမှန်တကယ် ရောက်ရှိအောင် စိစစ်ကြပ်မတ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် နိုင်ငံတကာမှာ စက်သုံးဆီအကျပ်အတည်း ဖြစ်နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ ရက်ပေါင်း ၄၀ စာ ဖူလုံမှုရှိတယ်လို့ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက မတ်လ ၄ ရက်နေ့မှာ ပြောထားပါတယ်။
ဒါပေမယ့် စစ်ကော်မရှင်ဘက်က စက်သုံးဆီ ဖူလုံတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ဒေသအတော်များများမှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ ဝယ်ယူရခက်ခဲတာတွေကို ပြည်သူတွေ ဆက်လက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။


