၂ ဇန်နဝါရီ၊ ၂၀၂၅
ရိုဟင်ဂျာပဋိပက္ခနဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာ အထူး ညီလာခံတရပ် ကျင်းပနိုင်ဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးနဲ့ မလေးရှားနိုင်ငံ သံအမတ်ကြီး တို့နှစ်ဦးကို ပူးတွဲ တာဝန်ခံတွေအဖြစ် ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ Philemon Yang က ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ပါတယ်။
သံအမတ်ကြီးနှစ်ဦးဟာ လိုအပ်တဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ ဦးဆောင် စီစဥ်တာတွေ လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ပထမ သုံးလပတ်အတွင်းမှာ အဆင့်မြင့်တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးမယ့် အထူးညီလာခံတစ်ရပ်ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့တခြားလူနည်းစုဝင်တွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သတ်ပြီး ကူညီဖြေရှင်းပေးနိုင်ဖို့ အထူးညီလာခံကျင်းပဖို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ထားပါတယ်။
အခုခန့်အပ်ထားတဲ့ ဖင်လန် သံအမတ်ကြီး Elina Kalkku နဲ့ မလေးရှားသံအမတ်ကြီး Ahmad Faisal Muhamad တို့က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေနဲ့ ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်သွားမှာ ဖြစ်တယ်လို့ Yang ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလို အင်မတန် အရေးပါတဲ့ တာဝန်တခုကို လက်ခံပြီး အကောင်အထည် ဖော်ကြမယ့် သံအမတ်ကြီး ၂ ဦးကို အပြည့်အဝ ထောက်ခံမှုပေးပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း အထွေထွေညီလာခံ ဥက္ကဋ္ဌ Yang က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
နိုင်ငံတကာအထူးညီလာခံ ဖြစ်မြောက်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည် သန်းနဲ့ချီကို ခိုလုံခွင့်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ကုလသမဂ္ဂနဲ့ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ရိုဟင်ဂျာအရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အထူးအကြံပေး Dr Khalilur Rahman ကပြောဆိုပါတယ်။
၂၀၁၇ က ရခိုင်ပြည်နယ်မှာမြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုတွေလုပ်တဲ့အတွက် ရိုဟင်ဂျာ မွတ်ဆလင် အများစုပါတဲ့ ဒုက္ခသည်တွေဟာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ အမှု ရင်ဆိုင်နေရပြီး ICC မှာလည်း ဖမ်းဝရမ်းတောင်းခံထိထားပါတယ်။
ပုံစာ – ရိုဟင်ဂျာအရေးနဲ့ မြန်မာလူနည်းစုတိုင်းရင်းသားတွေအတွက် ဘင်္ဂလားဒေ့ရှ်ကDr. Khalilur Rahman(ဝဲ)နဲ့ ဒီဇင်ဘာ ၃၁ က တွေ့ဆုံဆွေးနွေးစဉ်
ဓာတ်ပုံ – UNGA President