Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ စကားကျယ်ကျယ်ပြောတဲ့ မြန်မာတစ်ဦး သေနတ်နဲ့ အပစ်ခံရ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ စကားကျယ်ကျယ်ပြောတဲ့ မြန်မာတစ်ဦး သေနတ်နဲ့ အပစ်ခံရ

၈ မတ်လ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဟန်းဒေါင်းမြို့နယ် နမ့်ဖရဲကျေးရွာအုပ်စုထဲမှာ မြန်မာလုပ်သားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး သံသယရှိသူ ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မတ်လ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဝီယန်ဒေါင်းကျေးရွာရှိ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား တဦး ညာဘက်မျက်ခုံးနေရာမှာ ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

အခင်းဖြစ်ချိန်မှာ သေနတ်ပစ်ခံရသူနဲ့ သူငယ်ချင်းတွေ ဆိုင်ရှေ့မှာ စကားပြောနေတုန်း သေနတ်သံတစ်ချက် ကြားလိုက်ရပြီးနောက် သေနတ်နဲ့အပစ်ခံရတဲ့ မြန်မာနိုင်ငံသားဟာ သွေးအိုင်ထဲ လဲကျသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သတင်းရပြီးနောက် နမ့်ဖရဲမြူနီစီပယ် ကယ်ဆယ်ရေးအဖွဲ့က လာရောက်ပြီး ရှေးဦးသူနာပြုလုပ်ကာ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ စုံစမ်းရာမှာ ကျည်လမ်းကြောင်းက ကုန်စုံဆိုင်နဲ့ မျက်နှာချင်းဆိုင်ရှိ နေအိမ်ဘက်က လာတာဖြစ်တယ်လို့ တွေ့ရှိခဲ့ပြီး အိမ်ရှင်ဖြစ်တဲ့ အသက် ၅၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

နေအိမ်ရှာဖွေရာမှာ ခြံဝင်းထဲ သစ်ပင်တစ်ပင်အောက်မှာ ဝှက်ထားတဲ့ ကိုယ်တိုင်လုပ် .၂၂ ကာလီဘာ သေနတ်တစ်လက်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူကတော့ သေနတ်နဲ့အပစ်ခံရသူ မြန်မာနိုင်ငံသားနဲ့ သူငယ်ချင်းတွေ သူ့အိမ်ရှေ့မှာ အသံကျယ်ကျယ် စကားပြောနေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး “သတိပေးပစ်ခတ်တာ” လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာ ဟန်းဒေါင်းရဲစခန်းက အဆိုပါ ထိုင်းနိုင်ငံသားကို တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ လူသတ်ရန် ကြိုးပမ်းမှုနဲ့ အများပြည်သူနေရာမှာ သေနတ်ပစ်ခတ်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဒဏ်ရာရရှိတဲ့ မြန်မာနိုင်ငံသားကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး အခြေအနေကို ဆရာဝန်တွေ ဆက်လက် စောင့်ကြည့်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး