၉ မတ်လ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ တာမွေမြို့နယ် ဗညားဒလလမ်းပေါ် ယုဇနပလာဇာအနီးရှိ ယုဇနအိမ်ရာအတွင်း ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်မှာ ရဲအယောင်ဆောင်ထားသူတစ်ဦးက လုယက်ရန် ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် မတ်လ ၈ ရက်မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖြစ်စဉ်ဟာ ယုဇနအိမ်ရာ တိုက် (၀၀၈) A1 မှာရှိတဲ့ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲအယောင်ဆောင်ထားသူတစ်ဦးက သူ့ကို တာမွေရဲစခန်းက ဒုရဲအုပ် အောင်ဘိုဘိုဖြစ်တယ်လို့ ပြောဆိုကာ ဆိုင်မှာ ရွှေအတု ရောင်းချနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလူက ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို လက်ထိပ်ခတ်ထားပြီး ခင်းကျင်းထားတဲ့ ရွှေထည်ပစ္စည်းတွေကို သိမ်းဆည်းယူဆောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် လက်ထိပ်ခတ်ခံထားရတဲ့ ဝန်ထမ်းအမျိုးသမီးက ဆိုင်အပြင်ကို ပြေးထွက်ပြီး ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခဲ့တာကြောင့် လူတွေ ဝိုင်းဖမ်းဖို့ ထွက်လာချိန်မှာ အဆိုပါလူဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးသွားချိန်မှာတော့ လက်ထိပ် နှစ်ခုနဲ့ မိုဘိုင်းဖုန်းတစ်လုံး ကျန်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ အဆိုပါနေရာဟာ လူစည်ကားတဲ့ ဗညားဒလလမ်းမကြီးပေါ်မှာရှိသလို ယုဇနပလာဇာအနီးမှာလည်း ရှိပြီး တာမွေရဲစခန်းနဲ့လည်း နီးတဲ့နေရာဖြစ်တယ်လို့ ပြောပါတယ်။
ဖြစ်စဉ်မတိုင်ခင်မှာလည်း ဆိုင်မန်နေဂျာကို ဖုန်းဆက်ပြီး ရွှေအတုရောင်းချမှုနဲ့ပတ်သက်ပြီး တာမွေရဲစခန်းကို လာရောက်ဖြေရှင်းဖို့ ပြောဆိုခဲ့တာကြောင့် ဆိုင်မန်နေဂျာ ထွက်သွားချိန်မှာ ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်တာဝန်ရှိသူတွေက တာမွေရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပစ္စည်းမပါသွားတဲ့အတွက် လုယက်မှုနဲ့ ဖွင့်လို့မရသလို မတရားချုပ်နှောင်မှုနဲ့လည်း ဖွင့်လို့မရဘူးဆိုပြီး ကနဦး ပြန်လည်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ပိုင်းမှာတော့ ရဲအယောင်ဆောင်မှုနဲ့ အမှုဖွင့်နိုင်တယ်လို့ ပြောခဲ့တာကြောင့် လိုအပ်တဲ့ အချက်အလက်တွေကို ရဲစခန်းထံ ပေးပို့ထားတယ်လို့ သိရပါတယ်။


