Homeပြည်တွင်းသတင်းစစ်အုပ်စုကြောင့် ဇန်နဝါရီလအတွင်း မြန်မာအမျိုးသမီး ၅၅ ဦးသေဆုံး၊ ၅၄ ဦး ဒဏ်ရာရခဲ့

စစ်အုပ်စုကြောင့် ဇန်နဝါရီလအတွင်း မြန်မာအမျိုးသမီး ၅၅ ဦးသေဆုံး၊ ၅၄ ဦး ဒဏ်ရာရခဲ့

၉ မတ်လ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်လာတဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (BWU) က ထုတ်ပြန်ပါတယ်။

BWU ရဲ့ မှတ်တမ်းတွေအရ သေဆုံးသူ ၅၅ ဦးထဲက ၄၆ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ဦး၊ တရားမဲ့သတ်ဖြတ်ခံရမှုကြောင့် ၂ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒဏ်ရာရသူ ၅၄ ဦးထဲမှာလည်း လေကြောင်းဗုံးကြဲမှုကြောင့် ၄၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ၅ ဦးနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၀ ဦး သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၀ ဦး၊ ကချင်ပြည်နယ်မှာ ၈ ဦး၊ ပဲခူးတိုင်းမှာ ၄ ဦး၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ၃ ဦးစီ၊ မွန်ပြည်နယ်မှာ ၂ ဦး၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ၁ ဦးစီ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် မိန်းကလေးငယ် ၄ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦးလည်း ပါဝင်တယ်လို့ BWU က ဆိုပါတယ်။

ဇန်နဝါရီလအတွင်း အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုကတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာမှာ ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ အမျိုးသမီး ၈ ဦး တစ်ပြိုင်တည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

BWU ကတော့ အခုဖော်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ လက်လှမ်းမီသမျှ အချက်အလက်တွေကို စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ အမှန်တကယ် ထိခိုက်သေဆုံးမှုဟာ ဒီထက်ပိုများနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကာအကွယ်ပေးရေးနဲ့ တာဝန်ခံမှုဖော်ဆောင်ရေးကို အလေးထားလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ – ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ဗန်းမော်မြို့နယ်၊​ ကောင်ဂျာရွာ ဗုံးကြဲခံရမှု​ကြောင့် ​သေဆုံးသူ​တွေကို ​မြေမြုပ်သဂြိုဟ်ရန်ပြင်ဆင်စဥ်။

ဓါတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး