Homeပြည်တွင်းသတင်းစစ်ကောင်စီကို ကူညီနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းကို အရေးယူဖို့ JFM တောင်းဆို

စစ်ကောင်စီကို ကူညီနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းကို အရေးယူဖို့ JFM တောင်းဆို

၁၀ စက်တင်ဘာ၊ ၂၀၂၄

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)ဟာ စစ်ကောင်စီကို ကူညီနေတဲ့အတွက် နိုင်ငံတကာက ပိတ်ဆို့အရေးယူပေးဖို့ Justice For Myanmar (JFM)အဖွဲ့က စက်တင်ဘာလ ၉ ရက်မှာ တောင်းဆိုချက် ထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်ပြီး အာဏာသိမ်းပြီးတဲ့ နောက်မှာ စစ်ကောင်စီက ထိန်းချုပ်ထားတာပါ။

ဒီကာလအတွင်း MNA လိုင်းမှာ ပြေးဆွဲနေတဲ့ ATR အမျိုးအစား လေယာဉ်တွေကို စစ်ဘက်ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေးမှာလည်း စစ်တပ်က အသုံးပြုနေတဲ့အတွက် ပိတ်ဆို့အရေးယူပေးဖို့ JFM က တိုက်တွန်း ထားပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလက မြဝတီမြို့မှာ ဖြစ်ခဲ့တဲ့ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ ထိုင်းနိုင်ငံ မဲဆောက် ဘက်ကမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီပိုင် ပစ္စည်းတွေကို MNA ပိုင် ATR လေယာဉ်နဲ့ ပြန်ပြီး သယ်ယူခေါ်ဆောင်လာခဲ့ပါတယ်။

MNA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးအများစုဟာ လေတပ်အရာရှိဟောင်းတွေဖြစ်ပြီး ကုမ္ပဏီအနေနဲ့လည်း လေတပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ရင်းနှီးဆက်နွှယ်မှုတွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။

စင်ကာပူမှာနေထိုင်နေတဲ့ MNA ရဲ့ ဒါရိုက်တာဟောင်း လင်းထက်ဟာ အရင် လေတပ်ဦးစီးချုပ်ဟောင်း မောင်မောင်ကျော်ရဲ့ တူတော်စပ်သူဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ လင်းထက်ဟာ မြန်မာနိုင်ငံမှာ Bell နဲ့ Cessna တို့လို အမေရိ ကန်နာမည်ကြီးလေယာဥ်ထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် ကိုယ်စားလှယ်လုပ်ဆောင်ခဲ့ဖူးပြီး မြန်မာနိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက်လေကြောင်းကဏ္ဍတွေမှာ ပါဝင်ပတ်သတ်နေပါတယ်။

MNA လေကြောင်းလိုင်းပိုင် ATR 72-500 လေယာဉ်နှစ်စင်းထဲက MSN 781 ၂၀၁၃ ခုနှစ်မှာ လေတပ် ကိုလွှဲပေးခဲ့ပြီး၊ MSN 765 ကို ၂၀၁၄ ခုနှစ်မှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီလေယာဉ် ၂ စီးကို လေတပ်က VIP ခရီးစဉ်တွေမှာ သုံးဖို့ ရည်ရွယ်ထားတယ်လို့ လျှို့ဝှက်ချက်ပေါက်ကြားမှု တွေက ပြန်သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ MNA က ATR 42-320 အမျိုးအစားလေယာဉ်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး လေတပ်ရဲ့ ပင်လယ်ပြင် ကင်းလှည့်လေယာဉ်အဖြစ် ပြန်လည်ပြင်ဆင်အသုံးပြုတယ်လို့ JFM က ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MNA လေကြောင်းလိုင်းအပါအဝင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအားလုံးကို နိုင်ငံတကာအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

ပုံစာ-( ၂၀၂၃ ခုနှစ်အတွင်း MNA လေကြောင်းရဲ့ ၇၅ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင် တက်ရောက်မိန့်ခွန်းပြောစဉ်)

Photo – Justice For Myanmar

ဆက်စပ် သတင်းများ

Most read