Homeပြည်တွင်းသတင်းငလျင်အပြီး မြန်မာစစ်အုပ်စုထံ ခရိုနီတွေရဲ့ လှူဒါန်းငွေတွေက ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စု အတွက် အထောက်အပံံ့ဖြစ်လာနိုင်

ငလျင်အပြီး မြန်မာစစ်အုပ်စုထံ ခရိုနီတွေရဲ့ လှူဒါန်းငွေတွေက ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စု အတွက် အထောက်အပံံ့ဖြစ်လာနိုင်

၁၂ ဧပြီ၊၂၀၂၅

ငလျင်အပြီး မြန်မာစစ်အုပ်စုထံ ခရိုနီတွေရဲ့ လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅.၈ မီလီယံရှိ နေပြီး အဆိုပါငွေတွေက ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် အထောက်အပံ့တွေဖြစ်လာတယ်လို့ Justice For Myanmar က သတိပေးလိုက်ပါတယ်။

ဖျက်အားပြင်းငလျင်ကြီး အပြီးမှာ စစ်အုပ်စုက နိုင်ငံတကာကုမ္ပဏီတွေနဲ့ မြန်မာခရိုနီတွေထံ အလှူငွေတွေ တောင်းခံခဲ့တယ်လို့လည်းဆိုပါတယ်။

Justice For Myanmar က ဖော်ထုတ်နိုင်ခဲ့တဲ့ အလှူရှင်တွေအနေနဲ့ ကမ္ဘောဇဘဏ်မှ ဇော်လင်းအောင်၊ ရွှေတောင်အုပ်စုမှ အောင်ဇော်နိုင်၊ အိုင်ဂျီအီးအုပ်စုမှ နေအောင်၊ မက်စ်အုပ်စုမှ ဇော်ဇော်၊ စီဘီဘဏ်မှ ခင်မောင်အေး၊ အောင်မြင်သူအုပ်စုမှ လှမျိုးနှင့် စူပါဆဲဗင်းစတားအုပ်စုမှ မြင့်ဇော်သိန်းတို့ ပါဝင်တယ်လို့လည်း ဆိုထားပါတယ်။

နိုင်ငံစုံအလှူရှင်တွေက စစ်တပ်ထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေကတဆင့် အလှူငွေတွေ ပေးအပ်ခဲ့ကြပြီး ယင်းအလှူရှင်မတွေအထဲမှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON၊ တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နှင့် China National Petroleum Corporation (CNPC) တို့ ပါဝင်တယ်လို့လည်း ဆိုထားပါတယ်။

ဂျပန်နိုင်ငံရဲ့ AEON 1% Club Foundation ကလည်း ဧပြီ ၂ ရက်က ယန်း ၁၀ သန်း( အမေရိကန်ဒေါ်လာ ၇၀,၀၀၀)တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို တိုကျိုမြို့ရှိ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ သံရုံးထံ လှူဒါန်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

“မြန်မာပြည်သူတွေက အကြမ်းဖက်မြန်မာစစ်အုပ်စုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဘေးဒုက္ခအကျပ်အတည်း များစွာကို ခံစားနေခဲ့ကြရပြီး ပြီးခဲ့တဲ့လ ဖျက်အားပြင်းငလျင်က ဒီဒုက္ခအကျပ်အတည်းတွေကို ထပ်ပြီးထိုးနှက်လိုက်တာ ဖြစ်ပါတယ်။ အခုအခါမှာလည်း စစ်အုပ်စုရဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျိုးအမြတ်အတွက် အမြတ်ထုတ်တာကို ခံနေကြရပါတယ်။ ပြည်သူလူထုက ငလျင်ဘေးကြီးနဲ့အတူ စစ်အုပ်စုကျူးလွန်နေတဲ့ တိုက်ခိုက်မှုတွေ၊ စစ်အုပ် စုတရားမဝင် အာဏာသိမ်းကြိုးပမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ပိုပြီးဆိုးရွား လာတဲ့ အကျိုးဆက်တွေကို တုံ့ပြန်ဖို့ရာ အကူအညီတွေကို အပူတပြင်း လိုအပ်နေပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားပါတယ်။

အငြင်းပွားဖွယ် တရုတ်-မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို လုပ်ကိုင်တဲ့ CNPC ကုမ္ပဏီကလည်း ဧပြီ ၈ ရက်မှာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မန္တလေးအစိုးရထံ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်အပြီး လေးရက်အကြာ ဧပြီ ၁ရက်မှာ စစ်အုပ်စုက ကျင်းပခဲ့တဲ့ အခမ်း အနားတစ်ခုမှာ မြန်မာခရိုနီတွေက အများဆုံးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြကြောင်း မြန်မာခရိုနီတွေနဲ့ စီးပွားရေး မိတ်ဖက်တွေက ကျပ်သန်းပေါင်း ၁၀၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၉.၇ သန်း) ငွေသား နဲ့ နောက်ထပ် ကျပ် သန်းပေါင်း ၁၂.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၉ သန်း) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု၏ အရေးပါသော ပုဂ္ဂိုလ်များထံ တိုက်ရိုက်လှူဒါန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အလှူရှင်တွေက မင်းအောင်လှိုင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေါင်းစီးနဲ့ ဂုဏ်ပြုလက်မှတ်တွေ ရရှိခဲ့ပုံရကြောင်း ငွေကျပ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၆,၀၀၀) လှူဒါန်းခဲ့တဲ့ စစ်လက်နက်ပွဲစား ထူးအုပ်စုရဲ့ လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဂုဏ်ပြုမှတ်တမ်းအရ သိရတယ်လို့လည်း ဖော်ပြ ထားပါတယ်။

ဓာတ်ပုံ – JFM

ဆက်စပ် သတင်းများ

Most read