Homeပြည်တွင်းသတင်းMNDAA–TNLA တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ NUCC မေတ္တာရပ်ခံ

MNDAA–TNLA တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ NUCC မေတ္တာရပ်ခံ

၁၄ မတ်လ ၂၀၂၆ | New Day Myanmar

မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းကြဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က မတ်လ ၁၄ ရက်နေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

NUCC က ထုတ်ပြန်ချက်မှာ MNDAA နဲ့ TNLA ကို စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်တွေအဖြစ်သာမက ပြည်ထောင်စုသားချင်း မောင်နှမတွေအဖြစ်လည်း သဘောထားထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို မိတ်ဖက်ပဋိပက္ခအဖြစ် ရှုမြင်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်းတွေနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖို့ ပန်ကြားထားပါတယ်။

နောက်ခံအချက်အလက်အရ MNDAA နဲ့ TNLA တို့ဟာ အာရက္ခတပ်တော် (AA) နဲ့အတူ မြောက်ပိုင်းညီနောင် မဟာမိတ်အဖြစ် စုဖွဲ့ခဲ့ကြပြီး ၂၀၂၃ ခုနှစ်မှာ “၁၀၂၇ စစ်ဆင်ရေး” ကို ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။ အဲ့ဒီစစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွင်း အရေးပါတဲ့ စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအတွက် စည်းလုံးညီညွတ်မှုရဲ့ နမူနာတစ်ခု ဖြစ်ခဲ့တယ်လို့ NUCC က ဆိုပါတယ်။

ဒါကြောင့် MNDAA နဲ့ TNLA တို့အနေနဲ့ ယခင်က စည်းလုံးမှုကြောင့် ရရှိခဲ့တဲ့ သမိုင်းဝင်အောင်မြင်မှုတွေကို တန်ဖိုးထား ထိန်းသိမ်းပြီး စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မျိုးစုံကို အမြစ်ဖြတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်လက်တွဲ ပူးပေါင်းကြဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

NUCC ရဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ထားတဲ့ နိုင်ငံရေးရပ်တည်ချက်အရ တော်လှန်ရေးအင်အားစုတွေကြား ဖြစ်ပွားလာတဲ့ မည်သည့် အငြင်းပွားမှုမဆို မိတ်ဖက်ပဋိပက္ခအဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့သာ ဖြေရှင်းသွားမယ်လို့လည်း ဆိုထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ လက်ရှိအချိန်မှာ စစ်ကော်မရှင်ဘက်က ပြည်တွင်းပြည်ပ နည်းလမ်းမျိုးစုံ အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကြား သွေးခွဲဖို့ ကြိုးပမ်းနေတဲ့ အခြေအနေတွေရှိနေတယ်လို့လည်း သတိပေးထားပါတယ်။

နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါက ကြားဝင်ကူညီပံ့ပိုးပေးဖို့ NUCC အနေနဲ့ အဆင်သင့်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး