Homeဆောင်းပါးပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် အနာဂတ်ကိုဆုံးရှုံးခြင်းဖြစ်သည်

ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် အနာဂတ်ကိုဆုံးရှုံးခြင်းဖြစ်သည်

၃ စက်တင်ဘာ၊ ၂၀၂၄

ဆောင်းပါးရှင် – အိုင်လာ

ချင်းပြည်နယ်၊ မြောက်ပိုင်းဟားခါးမြို့ပေါ်တွင် လူဦးရေ ၅ သောင်းနီးပါးနေထိုင်ကြသည်။ ၂၀၂၁ အာဏာသိမ်းအပြီး ယခုနှစ် ၂၀၂၄ အထိ ၃ နှစ်ကျော်ကာလအတွင်း ကျောင်းမနေရသော ကျောင်းနေအရွယ်ကလေးများ ၆ ထောင်ကျော်၀န်းကျင်ရှိ‌လာနေကြောင်း စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ် ပညာရေးဌာန အချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ် မတိုင်ခင် ဟားခါးမြို့ပေါ်ရှိ အစိုးရအထက်တန်းကျောင်း ၄ ကျောင်း၊ မူလတန်းကျောင်း ၈ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၂‌ ကျောင်း၊ စုစုပေါင်း ၁၄ ကျောင်းရှိသည်။ အာဏာသိမ်းအပြီး နောက်ပိုင်းတွင်လည်း ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း အနည်းငယ်ဖွင့်လှစ်ခွင့်ရသေးသည်။

ယင်းကျောင်းများသည်လည်း ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အထိသာ ဖွင့်လှစ်ခွင့်ရကာ နောက်ပိုင်းတွင် ကိုယ်ပိုင်ကျောင်းများကို စစ်ကောင်စီက အမိန့်ပေး ပိတ်ခိုင်း‌စေခဲ့သည်။ ယခုနှစ်၂၀၂၄ -၂၀၂၅ ခုနှစ်ပညာသင်နှစ်မှာတော့ အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်း၊ မူလတန်းလွန်နှင့်မူလတန်းကျောင်း၂ ကျောင်းစုစုပေါင်း ၆ ကျောင်းကိုသာဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီ လက်အောက်ခံကျောင်းများတွင်း ကျောင်းမထားလိုသော မိဘအများအပြားရှိနေသည်။ အထူးသဖြင့် လုံခြုံရေးအရဖြစ်သည်။

“ဖွင့်‌နေတဲ့ စကစ ရဲ့ကျောင်းမှာ မထားချင်ဘူး၊ ကျမ ကလေးက အတန်းပညာ ၂ တန်းအထိပဲသင်ဖူးတယ်‌လေ အသက်က ၁၄ နှစ်ပြည့်တော့မယ်၊ စာလုံးတောင် သိပ်မပေါင်းတတ်တော့ဘူး၊ ကျမတို့လည်း သင်ပေးဖို့အချိန်မရှိဘူး၊ ပြီးတော့လုံခြုံရေးလည်း စိတ်မချရဘူး‌လေ စစ်သားတွေက အမြဲစောင့်နေတော့အချိန်မ‌ရွေး တိုက်ခိုက်မှုတွေဖြစ်သွားနိုင်တယ်လေ” ဟု ဟားခါးမြို့မှ ကျောင်းသားမိဘတဦးကပြောသည်။

စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့‌လေးသည် အင်တာနက်ဖြတ်တောက်ထားခြင်း၊ ဖုန်းလိုင်းများနှေးခြင်း၊ လျှပ်စစ်မီးများ မရရှိခြင်းများကြောင့် အွန်လိုင်းဖက်ဒရယ်စနစ်ကျောင်းများတွင်လည်း မသင်ကြားနိုင်ဘဲ၊ ပညာရေး တဖြည်းဖြည်းအလှမ်းဝေးလာနေသည်။

ဟားခါးမြို့မှ ပြည်သူတဦးက “အတန်းကြီးတွေက အရမ်းလေလွင့်နေကြပီ၊ ကိုဗစ်ထဲက ကျောင်းနားထားကြတာလေ အခုချိန် ပြန်တတ်ရင် သူတို့က အသက်ကြီးပြီး အတန်းတွေက ငယ်နေတော့ ရှက်တတ်နေကြပီ၊ မတတ်ရဲချင်ကြတော့ဘူး၊အတန်းငယ်တချို့က ကျောင်းမတတ်ဘဲ ပုလင်းကောက်၊ဗူးကောက်ပြီး ပိုက်ဆံရှာပေးနေကြတာတွေ့တယ်”ဟု ပြောလာသည်။

ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ကြုံတွေ့နေရတဲ့ အခက်ခဲများစွာ အပြင် ဟားခါး၏ တကြော့ပြန်တိုက်ပွဲ ဖြစ်သော ချင်းအမျိုးသားတပ်မတော် (CNA) ချင်းကာကွယ်ရေးတပ် များဦးဆောင်ပြီး စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ၊ စခန်းသိမ်း တိုက်ပွဲများကို ပြန်လည်ဆင်နွှဲ ဖော်ဆောင်မှုနှင့်အတူ စစ်ကောင်စီမှ ဖွင့်လှစ်ထားသော ကျောင်းများတွင် အပ်နှံထားသော ကလေးများသည် ၎င်းတို့တပ်စွဲထားသောကျောင်းများကို တိုက်ပွဲအတွင်း ဒရုန်းစစ်ဆင်ရေးတိုက်ပွဲများနှင့် စစ်လေယာဉ်ပျံ ပျံသန်းနေသော အချိန် ကျောင်းများတွင် ထိတ်လန့်ကြောက်ရွံ့စွာ ပညာသင်ကြားနေရသည်။

ချင်းတောင်တန်းပေါ်ရှိ မြို့တမြို့၏ အခြေအနေများသာဖြစ်သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေရသော ကလေးငယ်၊ စစ်ပွဲကြားပညာသင်ကြားနေရသော ကလေးငယ် မည်မျှ ရှိနေမည်နည်း။

တနိုင်ငံံံံံံံံလုံးရှိ တိုင်းရင်းသားထိန်းချုပ်နယ်မြေများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေများတွင်း ယခု ပညာသင်နှစ်အတွက် ဖွင့်လှစ်ထား‌နိုင်သော မြေပြင်ကျောင်း ၄၀၀၀ ကျော်တွင် ကျောင်းသားပေါင်း ၆ သိန်းနီးပါး၊ ဆရာ၊ဆရာမ‌ပေါင်း ၂၇၀၀ ကျော် ပညာသင်ကြားပေးနေသည်ဟု NUG ပညာရေးဝန်ကြီးဌာနမှသိရသည်။

အွန်လိုင်းကျောင်းစာရင်းသွင်းအတည်ပြုထားသော ကျောင်းစာရင်း ၇၉ ကျောင်းနှင့်စာရင်းအတည်ပြုမရ ၂၅ ကျောင်းရှိလျှက် ထက်၊လယ်၊မူ အဆင့်ကျောင်းသား‌ပေါင်း၂၅၀၀၀ ကျော် လက်ခံသင်ကြား‌ပေး‌နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ကကြေညာထားသည်။

သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား‌နေသောတိုင်းရင်းသားနယ်မြေများတွင် စစ်ကြောင်းထိုးခြင်း၊ လေယာဉ်ဗုံးကြဲခြင်း၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် သာမန်ကာလကဲ့သို့ မြေပြင်တွင် ဖွင့်လှစ်ဖို့‌တော့ခက်ခဲနေသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရပညာရေး၀န်ကြီးဌာနဘက်မှ သတင်းထုတ်ပြန်ထားသည်။

“သင်ကြားရေးနဲ့ ပတ်သက်လို့ကတော့ ထိရောက်ဖို့ အရည်အချင်းမှီဖို့ ကျမတို့ဘက်က အာမခံနိုင်ပါတယ်။ အများစုက စီဒီအမ် ဆရာ၊ ဆရာမတွေက ဦးဆောင်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေအရ ကျောင်းဖွင့်ချိန်တွေကို မြို့နယ်ဘုတ်နဲ့ ကျောင်းတွေက ဆုံးဖြတ်အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေမှာ ရှိတဲ့ကျောင်းတွေကတော့ ကျမတို့နဲ့ တိုင်းရင်းသားပညာရေးအဖွဲ့တွေ ချိတ်ဆက် ဆောင်ရွက်တာ ရှိပါတယ်။ ကျောင်းတွေကိုတော့ တိုင်းရင်းသားပညာရေးအဖွဲ့တွေက စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာတော့ စစ်ကြောင်းထိုးတာတွေ၊ လေယာဉ်ဗုံးကြဲတာတွေ၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် သာမန်ကာလတွေမှာလို့ စာသင်နှစ်အတိုင်း ဖွင့်လှစ်ဖို့ ခက်ပါတယ်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၏ပြန်ကြားရေးအရာရှိချုပ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေး၀န်ကြီးဌာနဘက်မှလည်း ကျောင်းနေအရွယ်ကလေးများကိုကျောင်းတစ်ကျောင်းချင်းစီမှ ဆရာတွေကတဆင့်ကလေးများ၏ စာလိုက်နိုင်မှု၊ သင်ယူနိုင်မှုအပေါ်မှာ ဆုံးဖြတ်ပြီးအသက်နှင့်ညီမျှ‌သောအတန်းကို လက်ခံ‌ပေးမည့် မူဝါဒရေးဆွဲချမှတ်ထားပြီးဖြစ်ကြောင်းသူကပြောသည်။

Myanmar Subnational Phone Surveys 2023 ရဲ့ စစ်တမ်းကောက်ယူထားသော စာရင်းများအရ စာသင်ကျောင်းပြင်ပတွေ ရောက်ရှိနေကြသော မြန်မာနိုင်ငံအ၀န်း ကျောင်းနေအရွယ်ကလေးသူငယ်ပေါင်း ၈ သန်းနီးနီးရှိသည်ဟု ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ယခုနှစ် ကျောင်းဖွင့်ချိန်တွင် တိုက်ပွဲမဖြစ်ပွားရာ မြို့ပေါ် မှစစ်ကောင်စီဖွင့်လှစ်သော အစိုး‌ရကျောင်းများတွင် ကျောင်းနေအရွယ် ကလေးများ စာသင်ကျောင်းနှင့် အလှမ်းဝေးရာမှ ပြန်လည် အပ်နှံခြင်းများရှိလာခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် စစ်အစိုးရနှင့် တော်လှန်ရေး အင်အားစုများကြား ပြည်တွင်းစစ်ကို ဖြတ်သန်းနေရသည်။ နှစ်ဖက်စလုံးသည် အခြေစိုက်စခန်းအဖြစ် စာသင်ကျောင်းများကို အသုံးပြုနေကြသည်။ ထို့ကြောင်း စစ်ပွဲများအတွင်း ပညာရေးဆိုင်ရာ အဆောက်အအုံများထိခိုက်ပျက်စီးနေရသည်။

၂၀၂၂ ခုနှစ်တွင် ခန့်မှန်းခြေကလေး ၈ သန်းခန့် ကျောင်းပြင်ပတွင် ကျန်ရှိနေခဲ့သည်။ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ ၈ ဒသမ ၁ သန်းကျော် ရှိခဲ့ပြီး လက်ရှိတွင် ကျောင်းတက်ရောက်သူ ၆ ဒသမ ၇ သန်းကျော်သာရှိသည်။အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန်ပျက်ကွက်သူ ၁၃၄၀၄၆၄ ဦး (၁ ဒသမ ၃ သန်းကျော်)ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းအထိရှိသည်။

“လူတိုင်းပညာသင်ကြားခွင့်ရှိပြီး၊ အနိမ့်ဆုံးမူလတန်း ပညာကိုအခမဲ့ သင်ကြားခွင့်ရှိကြောင်း” အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေးကြေညာစာတမ်းတွင် အတိအလင်းဖော်ပြပြီးဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရပိုင်ခွင့်အားကုလသမဂ္ဂ သဘောတူစာချုပ် နှင့် ၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံကလေးသူငယ်အခွင့်အရေးဥပဒေများအရ မည်သည့်ကျောင်းတွေ တတ်ရောက်စာသင်ကြားနေသော ကျောင်းနေအရွယ်ကလေးများသည် ကလေးသူငယ်အခွင့်အရေးနဲ့ အညီ ရောက်ရှိနေသော အသက်အရွယ်နှင့်အမျှ အခြေခံမူလတန်းအဆင့်ပညာရေးကို ရရှိနိုင်မည် ဖြစ်သည်။

မည်သည့်စစ်ကိုပင် ဆင်နွဲနေသည်ဖြစ်စေ၊ မည်သည့် တော်လှန်ရေးကို ဆင်နွဲနေဖြစ်စေ၊ မည်သို့ပင် နိုင်ငံရေး အယူအဆ မတူညီကြသည်ဖြစ်စေ၊ ကလေးငယ်များ ကို ပညာသင်ကြားခွင့်ပေးရမည်။ လုံခြုံသော စာသင်ကျောင်းများတွင် ကလေးငယ်များ၏ စာအံ့သံများလွင့်ပျံ နေသင့်သည်။ ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် နိုင်ငံ၏ အနာဂတ်ဆုံးရှုံးခြင်းသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတော့သည်။

ဆက်စပ် သတင်းများ

Most read