Homeပြည်တွင်းသတင်းDMG သတင်းထောက်ကိုပြန်လွှတ်ပေးဖို့ RSF တောင်းဆို

DMG သတင်းထောက်ကိုပြန်လွှတ်ပေးဖို့ RSF တောင်းဆို

၇ ဇူလိုင်၊ ၂၀၂၄

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံး လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဇူလိုင် ၅ ရက်နေ့မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

RSF က DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အကြမ်းဖက်လုပ်ငန်းတွင် ပံ့ပိုးကူညီတယ်ဆိုတဲ့ မမှန်မကန် စွပ်စွဲချက်တွေနဲ့ မတရားတဲ့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အပေါ် ရှုတ်ချကြောင်း ကြေညာပါတယ်။

RSF က နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာစစ်ကောင်စီက သတင်းဌာနတွေကို ဖိနှိပ်မှုတွေ ရပ်တန့်အောင် ပိုမိုဖိအားပေးဖို့ တိုက်တွန်းခဲ့ပြီး နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေကိုလည်း တောင်းဆိုလိုက်ပါတယ်။

သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ စစ်တွေမြို့နယ် တရားရုံးက ဇွန် ၂၈ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့ပါတယ်။ သူတို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ ဖမ်းဆီးပြီး အစပိုင်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ပြောင်းလဲအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

RSF က သူတို့ဟာ စစ်ကောင်စီရဲ့ မတရားလုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ သတင်းဌာနအတွက် အလုပ်လုပ်ခဲ့တာသာဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဒီနှစ်စပိုင်းကစပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ သတင်းသမားတွေ ပြစ်ဒဏ်ချခံရတာ များလာတယ်လို့လည်း ဆိုပါတယ်။

RSF ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့်အဆိုးဝါးဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ပြီး နိုင်ငံပေါင်း ၁၈၀ ထဲက အဆင့် ၁၇၁ နဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေ အဆိုးဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။

RSF က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၆၃ ယောက် ဖမ်းဆီးခံထားရပြီး ငါးယောက်က သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read