၁၉ မတ်လ ၂၀၂၆ | New Day Myanmar
AA အပါအဝင် PDF အဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်ဘက်က ဝါဒဖြန့်နေပြီး မတ်လ ၁၉ ရက် မနက်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်ခံကြိုဆိုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ တယ်လီဂရမ်ချန်နယ်တချို့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။
အဲ့ဒီဝါဒဖြန့်အချက်အလက်တွေထဲမှာ AA၊ TNLA တပ်သားတွေ၊ မန္တလေး PDF နဲ့ အခြား PDF တပ်သားတွေ စုစုပေါင်း ၅၀၆ ဦး ပါဝင်တယ်လို့ ဆိုထားပြီး အဲ့ဒီထဲမှာ အမျိုးသား ၄၅၃ ဦးနဲ့ အမျိုးသမီး ၅၃ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သေနတ် ၇၈ လက်နဲ့ ကျည်ခဲယမ်း ၆ ထောင်ကျော်လည်း ပါဝင်တယ်လို့ ဆိုထားပေမယ့် အဲ့ဒီအချက်အလက်တွေကို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
လက်ရှိအချိန်အထိ အလင်းဝင်လာတဲ့ နေရာ၊ အချိန်နဲ့ အခြေအနေအသေးစိတ်တွေကို ထုတ်ပြန်ထားတာ မရှိသလို စစ်ကော်မရှင်ဘက်ကလည်း တရားဝင် ကြေညာချက် ထုတ်ထားတာ မတွေ့ရသေးပါဘူး။
တဖက်မှာလည်း AA အပါအဝင် တော်လှန်ရေးအင်အားစုဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်တွေ မရှိသေးပါဘူး။
စစ်လော်ဘီချန်နယ်တချို့ကတော့ အလင်းဝင်လာသူတွေကို မိသားစုဝင်တွေဆီ ပြန်လွှဲပေးပြီးဖြစ်တယ်လို့ ဆက်လက် ဝါဒဖြန့်ပြောဆိုနေကြပါတယ်။


