၁၉ ဇွန် ၊ ၂၀၂၄
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဒစ်ဂျစ်တယ်အာဏာရှင်စနစ် တစ်ရပ်တည်ဆောက်ဖို့ အရှိန်မြှင့်တင် ဆောင်ရွက်နေပြီး Mascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။
Mascots Group က ဒေါက်တာဝင်းကျော်နဲ့ သူ့ဇနီး ခင်ကေခိုင်တို့က ဦးဆောင်တာဖြစ်ပြီး၊ သူတို့ဟာ မြန်မာ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေမှာ အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်တဲ့ ကွန်ရက်မှာ ပါဝင်ပတ်သက်နေသူတွေ ဖြစ်ကြပါတယ်။
Justice For Myanmar ရဲ့ စုံစမ်းသုတေသနအရ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုအစီအစဉ်မှာ တရုတ်ကုမ္ပဏီနှစ်ခုလည်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီတွေကတော့ Geedge Networks နဲ့ Jizhi (Hainan) Information Technology Company Limited ဖြစ်ပြီး၊ အဲဒီကုမ္ပဏီတွေက ပစ္စည်းနှစ်ခုကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ ရောင်းချပေးခဲ့တာပါ။
Geedge Networks က ထုတ်လုပ်တဲ့ Taingou Secure Gateway (TSG) ဟာ deep packet inspection နည်းပညာနဲ့ အင်တာနက်အသွားအလာတွေကို စီစစ်စမ်းစစ်နိုင်သလို၊ VPN များအပါအဝင် အက်ပလီကေးရှင်းများကို ပိတ်ပင်နိုင်တဲ့ Firewall တစ်ခုအဖြစ်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Cyber Narrator ဟာ VPN အသုံးပြုမှုအပါအဝင် အင်တာနက်အသွားအလာတွေကို စောင့်ကြည့်ခွဲခြမ်းဖို့နဲ့ အန္တရယ်ရှိနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ China National Electronics Import and Export Corporation (CEIEC) ဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် တည်ဆောက်ဖို့ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါကုမ္ပဏီတွေနဲ့ စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ဖို့ Mascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန်မာခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေး နည်းပညာတွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး၊ ဒါက လူသန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
Geedge Networks ရဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်မှုစနစ်က မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထပ်မံချိုးဖောက်မှာဖြစ်သလို၊ ဒါဟာ စစ်အုပ်စုရဲ့ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေအပေါ် ဖိနှိပ်ရေးစစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်လာမှာပါ။
“အစိုးရတွေက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာနဲ့ နိုင်ငံခြားကုမ္ပဏီတွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကနေတဆင့် အရေးယူဆောင်ရွက်မှုတွေကို အဆောတလျင် လုပ်ဆောင်ဖို့ လိုပါတယ်” လို့ မရတနာမောင်က ပြောကြားခဲ့ပါတယ်။