Homeပြည်တွင်းသတင်းဧရာဝတီတိုင်းအတွင်း စစ်ဘေးရှောင်တွေကို အတင်းအဓမ္မပြောင်းရွှေ့ခိုင်းမှုနဲ့ပတ်သတ်ပြီး ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ သဘောထားထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း စစ်ဘေးရှောင်တွေကို အတင်းအဓမ္မပြောင်းရွှေ့ခိုင်းမှုနဲ့ပတ်သတ်ပြီး ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ သဘောထားထုတ်ပြန်

၂၅ ဒီဇင်ဘာ၊ ၂၀၂၅

ဧရာဝတီတိုင်းအတွင်းမှာ ရခိုင်ပြည်နယ်ကလာတဲ့ စစ်ဘေးရှောင်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အတင်းအဓမ္မရွှေ့ပြောင်းခိုင်းနေမှုနဲ့ပတ်သတ်ပြီး ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်မှာ သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နဲ့ တခြားဧရာဝတီတိုင်းအတွင်းက မြို့နယ်ကျေးရွာတွေမှာ နေထိုင်နေတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ရွှေ့ပြောင်းကြဖို့ အတင်းဖိအားပေးဆောင်ရွက်နေတာကိုလည်း ထုတ်ပြန်စာမှာ ထည့်သွင်းဖော်ပြပါတယ်။ ဒီလိုကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုပါတယ်။

ဧရာဝတီတိုင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို လူသားတစ်‌ယောက်ရဲ့ လွတ်လပ်စွာ‌ရွှေ့ပြောင်းနေထိုင်ခွင့်ကို လေးစားလိုက်နာပြီး စစ်ဘေးရှောင်ပြည်သူတွေအပေါ် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းတာမျိုး မလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

“ရခိုင်တွေအကုန် တစ်ပတ်အတွင်းပြောင်းပေးရမယ်လို့ ဒီလ ၁၄ ရက်နေ့က စာထွက်လာတယ်။ အခုတော့ ရောက်လက်စ ရခိုင်တွေတော့ နေလို့ရတယ်။ ဒါပေမဲ့ ပင်လယ်ဘက်သွားလို့မရဘူး ပင်လယ်ထဲဆင်းတဲ့သူဆို တာဝန်မယူဘူးလို့ ထပ်ပြီး ပြောတယ်။ ဂွဘက်ကလာတဲ့ ရေကြည်၊ ငါးသိုင်းချောင်းကားလမ်းဆုံမှာလည်း ရခိုင်ဆို အဝင်မခံဘူးလို့ ပြောတယ်” လို့ ပုသိမ်ခရိုင်၊ ရွှေသောင်ယံရွာက ရခိုင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။ ရွှေသောင်ယံနဲ့ မကျီးဇင်ရွာတွေဟာ ဂွမြို့နယ်နဲ့ ကပ်လျက် တည်ရှိပြီး ရေလမ်းက သွားလာလို့ရပါတယ်။

ဧရာဝတီတိုင်း‌ရောက် ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို ဂွမြို့နယ်စစ်‌ဘေးရှောင်ကူညီ‌‌ရေးပူးပေါင်းအဖွဲ့အနေနဲ့ ကြိုးစားကူညီပေးမယ်လို့ ဆိုထားပါတယ်။ ရေကြည်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၂ ရက်က ရခိုင်စစ်ဘေးရှောင်ပြည်သူ ၂၂ ဦးကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားပြီး ရခိုင်စစ်ဘေးရှောင်တွေကို လက်ခံထားရှိခြင်းမပြုဖို့၊ နေအိမ်လယ်ယာငှားရမ်းရောင်းချခြင်းမပြုဖို့ ဧရာဝတီတိုင်းအတွင်း ရပ်ကျေးအဖွဲ့တွေက ဒေသခံတွေကို တားမြစ်ထားတယ်လို့သိရပြီး လက်ရှိလာရောက်နေထိုင်နေဆဲ ရခိုင်စစ်ရှောင်ပြည်သူတွေကိုလည်း အတင်းအကြပ် ပြောင်းရွှေ့ခိုင်းတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ – ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့

ဆက်စပ် သတင်းများ

Most read