Homeပြည်တွင်းသတင်းစစ်ကောင်စီ အရေးနိမ့်နေပြီဖြစ်ပြီး အစိုးရလို့ သတ်မှတ်လို့ မရတော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြ

စစ်ကောင်စီ အရေးနိမ့်နေပြီဖြစ်ပြီး အစိုးရလို့ သတ်မှတ်လို့ မရတော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြ

၁ ဇွန်၊ ၂၀၂၄

၂၀၂၄ ခုနှစ်မှာ တော်လှန်ရေးတပ်တွေ အားကောင်းလာပြီး စစ်ကောင်စီဘက်က အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်နေရတယ်လို့ မြန်မာ့အရေးကို ဆက်တိုက်လေ့လာနေတဲ့ Special Advisory Council for Myanmar (SAC-M) က မေ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြပါတယ်။

အစီရင်ခံစာထဲမှာ စစ်ကောင်စီဟာ မြန်မာပြည်သူတွေ တရားဝင် ရွေးကောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက် ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက တော်လှန်ရေးအဖွဲ့တွေပေါ် အခုထက် ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ရေးသားထားပြီး သုံးနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ အနိုင်ရပြီး အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေဒေသတွေကို နှိုင်းယှဉ်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းမှာ စစ်ကောင်စီက တရားမျှတမှုရှိပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ယူဆနေကြပြီး ဒါဟာ အမှန်တရားမဟုတ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေနဲ့သာ တိုက်ရိုက်ပူးပေါင်းပြီး အရေးအပေါ် အကူအညီတွေနဲ့ ပံ့ပိုးမှုတွေ ပေးသင့်တယ်လို့ SAC-M ရဲ့ ‌Founder သုံးဦးအနက် တစ်ဦးဖြစ်တဲ့ Yanghee Lee က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းထိ ၇ လအတွင်းမှာ စစ်ကောင်စီဟာ နယ်စပ်မြို့နယ်တွေကို အုပ်ချုပ်ခွင့် ဆုံးရှုံးထားရပြီး မြို့နယ် ၅၅ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် မြန်မာပြည်သူ ၁၈.၆ သန်းဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။

SAC-M က Chris Sidoti က “စစ်ကောင်စီဟာ ပြည်သူတွေရဲ့တောင်းဆိုချက်ကို လိုက်လျောဖို့ ဆန္ဒမရှိဘဲ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို ဆက်ပြီးလုပ်ဆောင်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ လက်နက်ရောင်းဝယ်မှုတွေကိုရပ်ဆိုင်းပြီး စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဖို့နဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာအရေးယူဖို့ ဖော်ပြထားပါတယ်။

UN နဲ့ ASEAN လို အဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် ချက်ချင်းအရေးယူပေးဖို့ SAC -M က တောင်းဆိုထားပြီး တော်လှန်ရေးအပြီး မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးကာလတွေမှာလည်း သင့်လျော်သူတွေနဲ့ အစိုးရအဖွဲ့ဖွဲ့စည်းပြီး ဝန်ဆောင်မှုပေးနိုင်တဲ့အထိ ရေရှည်ကူညီသွားဖို့ လိုအပ်တယ်လို့ SAC-M ရဲ့အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

Special Advisory Council for Myanmar (SAC-M)ဟာ Yanghee Lee၊ Chris Sidoti၊ Marzuki Darusman တို့က ဦးဆောင်ဖွဲ့စည်းထားပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အဆက်မပြတ် စောင့်ကြည့်မှတ်တမ်းတင်တဲ့ International Platform တစ်ခု ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read