၁ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်ကို အိုင်စီစီက ဖမ်းဝရမ်းထုတ်ပေးဖို့ အိုင်စီစီရှေ့နေချုပ်က တောင်းဆိုလိုက်တဲ့အပေါ်မှာ တခဲနက်ထောက်ခံကြိုဆိုကြောင်း အာဆီယံပါလီမန်အမတ်များအဖွဲ့ -APHR က ထုတ်ပြန်ကြေညာပါတယ်။
APHR ရဲ့ ဥက္ကဌဖြစ်ပြီး အင်ဒိုနီးရှားကိုယ်စားလှယ်အမတ်တစ်ဦးဖြစ်တဲ့ မာစီခရစ္စတီဘာရန်းစ်က ” အိုင်စီစီရှေ့နေချုပ်ရဲ့ မင်းအောင်လှိုင်ကို ဖမ်းဖို့ဆုံးဖြတ်ချက်ကို ကျွန်မတို့အနေနဲ့ လုံးဝ ထောက်ခံကြိုဆိုပါတယ်။ သက်သေတွေကို ရှာဖွေစုဆောင်းပြီး နှစ်တွေကြာသွားပေမယ့် လူ့အခွင့်အရေးချိုးဖောက်ခံရပြီး သေဆုံးသွားတဲ့သူတွေအပေါ်မှာ နိုင်ငံတကာအနေနဲ့ ဆက်ပြီး ခိုင်မြဲစွာ ရပ်တည်ရင်ဆိုင်ပေးနေတယ်ဆိုတဲ့ အားကောင်းတဲ့ သတင်းစကား ပေးပို့နိုင်ခဲ့ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။
APHR ရဲ့ပူးတွဲဥက္ကဌ၊ မလေးရှားကိုယ်စားလှယ်အမတ်ဟောင်း ချားလ်စ်ဆန်တီယေဂိုက “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ သားကောင်တွေအတွက် တရားမျှတမှုကို ကြိုးပမ်းရာမှာ ICC နဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်နေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေအတွင်းမှာ ကြောက်မက်ဖွယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေ အများအပြား ရှိနေပါတယ်။ တရားမျှတမှုရှိရမယ်။ တာဝန်ခံမှုဆိုတာ ညှိနှိုင်းလို့မရပါဘူး”လို့ ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအတွက် ရာဇဝတ်ကြောင်းအရ စွဲချက်တင်ခံထားရပြီး ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် ရှိမရှိကို ICC ရဲ့ တရားသူကြီး သုံးဦးက အကဲဖြတ်ပါလိမ့်မယ်။ ဆုံးဖြတ်ချက်တွေဟာ ပုံမှန်အားဖြင့် သုံးလလောက်ကြာမြင့်တတ်ကြောင်းသိရပါတယ်။
“မင်းအောင်လှိုင်လက်အောက်က မြန်မာစစ်တပ်အစိုးရကျူးလွန်တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေအတွက် အမြန်ဆုံးနဲ့ အလျှော့မပေးဘြ တာဝန်ခံမှုတာဝန်ယူမှုရှိအောင် အပြစ်ပေးစေချင်ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေကို တောင်းဆိုပါတယ်” လို့ APHR ဘုတ်အဖွဲ့ဝင် နဲ့ မြန်မာနိုင်ငံ လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က ပြောဆိုပါတယ်။
APHR ဟာ စစ်ခေါင်းဆောင်နဲ့ လက်အောက်ခံစစ်တပ်က လုပ်ရပ်တွေအပေါ် ICCက စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုခြင်းကို ထောက်ခံအားပေးဖို့အတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းထားပါတယ်။
“အာဆီယံဥက္ကဋ္ဌသစ် တာဝန်ယူချိန်ကစပြီး ဒေသတွင်းအဖွဲ့ဟာ အကြမ်းဖက်မှုကျူးလွန်သူတွေကို အကာအကွယ်ပေးခြင်းနဲ့ ထိရောက်မှုမရှိတဲ့ မူဘောင်တွေ ချမှတ်ခြင်းပုံစံကို အဆုံးသတ်ရမှာဖြစ်တယ်။ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို အခြေခံပြီး တည်ဆောက်မယ့် မြန်မာ့အနာဂတ်အတွက် အာဆီယံက ဦးဆောင်ပြီး တာဝန်ယူပေးဖို့ အချိန်ကျပြီ”လို့ APHR ဘုတ်အဖွဲ့ဝင်နဲ့ ဖိလစ်ပိုင် အောက်လွှတ်တော် အဖွဲ့ဝင် Arlene Brosas က ပြောဆိုသွားပါတယ်။
ပုံစာ – စစ်ခေါင်းဆောင်အား ဖမ်းဝရမ်းလျှောက်ထားမှုအပေါ် ကြိုဆိုကြောင်းထုတ်ပြန်ချက်
Photo – APHR