Homeပြည်တွင်းသတင်းမြန်မာကျွန်းသစ်အသုံးပြုတဲ့ ဗြိတိန်ဇိမ်ခံသင်္ဘောလုပ်ငန်းကို ပေါင်ငွေ ၃ သိန်းခွဲကျော် ဒဏ်ရိုက်

မြန်မာကျွန်းသစ်အသုံးပြုတဲ့ ဗြိတိန်ဇိမ်ခံသင်္ဘောလုပ်ငန်းကို ပေါင်ငွေ ၃ သိန်းခွဲကျော် ဒဏ်ရိုက်

၂၆ နိုဝင်ဘာ၊ ၂၀၂၄

တားမြစ်ထားတဲ့မြန်မာ့ကျွန်းသစ်တွေကို ဝယ်ယူအသုံးပြုတဲ့ ယူကေက Sunseeker International ဇိမ်ခံရွက်လှေဆောက်လုပ်တဲ့ ကုမ္ပဏီကို တရားရုံးက ပေါင်ငွေ ၃၅၈,၇၅၉.၆၄ ပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုကို Bournemouth Crown Court က ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ယူကေ၊ အနောက်တောင်ပိုင်း Dorset ခရိုင်၊ Poole ကမ်းခြေမြို့မှာ အခြေစိုက်တဲ့ Sunseeker International လိမိတက်ဟာ သွင်းကုန် ဥပဒေချိုး ဖောက်မှုတွေအတွက် ဒဏ်ငွေအဖြစ် စတာလင် ပေါင်ငွေ ၂၄၀,၀၀၀ အပြင် တန်ဘိုးပေါင်ငွေ ၆၇,၀၀၀ နီးပါးရှိတဲ့ ပစ္စည်းတွေပါသိမ်းယူဖို့နဲ့ တရားစွဲဆိုခ ပေါင်စတာလင် ၅,၁၀၀ နဲ့ ထိခိုက်နစ်နာကြေး ပေါင်စတာလင် ၁၉၀ တို့ကို ပေးအပ်ဖို့ သောကြာနေ့ကပဲ စီရင်ချက်ချလိုက်တယ်လို့ ဆိုပါတယ်။

ဒီအမှုကို စုံစမ်းဖော်ထုတ်တာက Environment Investigation Agency(EIA) က ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်မှာ အမှုနဲ့ပတ်သတ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း နဲ့ အမှုအခြေအနေကို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် ကျွန်းသစ်တွေ တင်သွင်းအသုံးပြုမှုအတွက် EIA က ၂၀၁၈ ခုနှစ်က တရားရုံးမှာ စတင်တရားစွဲဆိုတာ ဖြစ်ပါတယ်။ ဒါဟာ တရားမဝင်ကျွန်းသစ်ကို အသုံးမပြုဖို့ ကြိုးပမ်းဆောင်ရွက်မှုမှာ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံ အီးယူအဖွဲ့ထဲက ခွဲထွက်ခဲ့ပြီးတဲ့နောက်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေအရ သူတို့အနေနဲ့ အပြစ်ရှိတယ်လို့ Sunseeker ကုမ္ပဏီက ဝန်ခံထားပြီး ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက ကျွန်းသစ်တွေအပါအဝင် အာဖရိကတိုက်က သစ်မာအမျိုးအစား ပေါင်စတာလင် ၆၀,၀၀၀ ဖိုး ဝယ်ယူ တင်သွင်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။

ဝန်ထမ်း ၂,၀၀၀ ရှိတဲ့ Sunseeker International ဟာ Dorset ခရိုင်အတွင်း အလုပ်အကိုင် အများဆုံး ခန့်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး တစ်နှစ်ကို ရွက်လှေ အစီး ၁၅၀ လောက် ထုတ်လုပ်နေပါတယ်။

Photo – Superyatch, EIA

ဆက်စပ် သတင်းများ

Most read