Homeပြည်တွင်းသတင်းရန်ကုန်တိုင်းက မြို့နယ်အားလုံး တစ်ရက် ၈ နာရီ တန်းတူမီးဖြတ်သွားမည်

ရန်ကုန်တိုင်းက မြို့နယ်အားလုံး တစ်ရက် ၈ နာရီ တန်းတူမီးဖြတ်သွားမည်

၅ နိုဝင်ဘာ၊ ၂၀၂၄

ရန်ကုန်တိုင်းက မြို့နယ်တွေအကုန်လုံး နိုဝင်ဘာလ ၅ ရက်ကစပြီး တစ်ရက်မှာ ၈နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားပါတယ်။

လျှပ်စစ်မန်နေဂျာရုံးတွေက ခရိုင်လေးခုလုံးကို တစ်ရက်မှာ လေးနာရီ နှစ်ကြိမ် မီးဖြတ်မှာ ဖြစ်ပြီး တစ်နေ့ကို ရှစ်နာရီ ပုံမှန်မီးဖြတ်သွားမယ်လို့ ကြေညာပါတယ်။ စက်တင်ဘာ ၂၈ ရက်ကစပြီး အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင်တွေကို မီး တစ်နေ့ ၈ နာရီ ဖြတ်နေတာဖြစ်ပြီး အနောက်ပိုင်းခရိုင်က မြို့နယ်တွေက နိုဝင်ဘာ ၅ ရက်ကစပြီး တရားဝင် တနေ့ ၈ နာရီမီးဖြတ်တောက်မှာ ဖြစ်ပါတယ်။

စက်မှုဇုန်တွေမှာတော့ အရင်ကတည်းက ကြေညာထားတဲ့အတိုင်း မနက် ၉ နာရီက ညနေ ၅ နာရီအထိသာ မီးပေးမှာ ဖြစ်ပြီး ခရိုင် ၄ ခု လူနေရပ်ကွက်တွေကို မနက်၅ နာရီက မနက် ၉ နာရီထိ မီးဖြတ်တောက်ဖို့ တိုးလိုက်တာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ရုံးသမား၊ ကျောင်းသမားတွေအတွက် အဆင်မပြေဘူးလို့ ပြည်သူတွေက ဆိုပါတယ်။

“အစထဲက စမ်းချောင်းဘက်က မီးမမှန်ဘူး။ လာရမယ့်အချိန်လည်းမလာဘူး။ အခု မနက်စောစော မီးပြတ်တဲ့နေ့တွေဆို ထမင်းချိုင့်အတွက် ညထဲက ထချက်ရတော့ တကယ်တမ်း ထမင်းစားတဲ့အချိန်မှာ ဟင်း‌တွေက အဆင်မပြေလို့ အခြောက်အခြမ်းပဲ ကလေးတွေကို ထည့်ပေးနေရတယ်”လို့ အိမ်ရှင်မတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်ကစပြီး လျှပ်စစ်ဓာတ်အားခတွေ တိုးမြှင့်ကောက်ခံနေပြီး မီတာခတွေ မြင့်တက်လာတဲ့အတွက် ကုန်ထုတ်လုပ်မှုစရိတ်များလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ လုပ်ငန်းရှင်တွေ နဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အာဏာမသိမ်းခင်က တနိုင်ငံလုံးအနေနဲ့ လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မှုဟာ မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့ပြီး စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံတွေလည်း ၂၀၂၃ ခုနှစ် နှစ်စမှာ ထွက်ခွာသွားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ၂၀၂၅ခုနှစ်မှာ တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ထုတ်လုပ်နိုင်အောင် စီစဉ်ထားတယ်လို့ လူထုကို ကြေညာထားပါတယ်။

ပုံစာ – အာဏာမသိမ်းမီ လသာမြို့နယ် တရုတ်နှစ်ကူးကာလ

Photo – Screengrab Via jetster

ဆက်စပ် သတင်းများ

Most read