Homeပြည်တွင်းသတင်းမြန်မာ့အရေး အစီအစဉ်သစ်ချပြီးဖြေရှင်းဖို့ ထိုင်းနိုင်ငံ တိုက်တွန်း

မြန်မာ့အရေး အစီအစဉ်သစ်ချပြီးဖြေရှင်းဖို့ ထိုင်းနိုင်ငံ တိုက်တွန်း

၉ အောက်တိုဘာ၊ ၂၀၂၄

လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အရှေ့တောင်အာရှနိင်ငံခေါင်းဆောင်တွေအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက မြန်မာပြည်တွင်းက ပဋိပက္ခတွေနဲ့ပတ်သတ်တဲ့အရေးဆွေးနွေးနေချိန်မှာ ထိုင်းနိုင်ငံက အောင်မြင်မှု နည်းပါးနေတဲ့ ဒေသတွင်းငြိမ်းချမ်းရေးအစီအစဉ်တွေထက် နိုင်ငံရေးဖြေရှင်းနည်းတစ်ခုကို အလွတ်သဘော ဆွေးနွေးကြဖို့ အဆိုပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံက အာဆီယံ ၁၀ နိုင်ငံလုံးပါဝင်တဲ့ အလွတ်သဘောအစည်းအဝေးတစ်ခုကို လာမယ့်ဒီဇင်ဘာလအတွင်းမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူမယ်လို့ အဆိုပြုထားပါတယ်။ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nikorndej Balankura က “နိုင်ငံရေးအဖြေတစ်ခုကို တွေ့မြင်ချင်ပါတယ်။ ထိုင်းနိုင်ငံက တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းဖို့ အသင့်ပါ။ ဒါမှသာ အာဆီယံက မြန်မာ့ ငြိမ်းချမ်းရေးကို ဦးဆောင်နိုင်မှာပါ” လို့ သတင်းထောက်တွေကို ပြောကြားပါတယ်။ ပထမဆုံးအနေနဲ့ ဒေသတွင်းနိုင်ငံတွေကြားသာ အစည်းအဝေးလုပ်သွားဖို့ ထိုင်းက အဆိုပြုထားပါတယ်။

အခုကျင်းပတဲ့ အာဆီယံ + ၃ ထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Antony Blinken, အိန္ဒိယဝန်ကြီးချုပ် Narendra Modi, ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba, တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့လည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အခုထက်ပိုပြီး ဖိအားပေးဖို့ တိုက်တွန်းပါတယ်။ Blinken ရဲ့ခရီးစဉ်မတိုင်မီ အမေရိကန်အရှေ့အာရှဆိုင်ရာ ထိပ်တန်း သံတမန် Daniel Kritenbrink က နိုင်ငံတကာက မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို လျှော့ချဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီနည်းအရ ဆွေးနွေးဖို့ ကြိုးပမ်းပေမယ့် သိသာထင်ရှားတဲ့ရလဒ် ထွက်မလာဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက သံအမတ်ဟောင်း Korbsak Chutikul က အာဆီယံဟာ စစ်ကောင်စီနဲ့ လိုက်လျောညီထွေဖြစ်ဖို့ မကြိုးစားသင့်ဘူးလို့ ဆိုပါတယ်။ သူက လာမယ့်နှစ်မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲကို နိုင်ငံတကာက အတည်ပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ညှိပြီး တတန်းတစားထဲထားပြီး ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအဖြစ် မထောက်ခံသင့်ဘူးလို့ ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ပုံစာ- ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ကိုတွေ့ရစဉ်

ပုံ – Bangkok post

ဆက်စပ် သတင်းများ

Most read