၉ ဇူလိုင်၊ ၂၀၂၄
စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်း ဥပဒေကို ပြဌာန်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်သူ ၅၆၉၈ ဦးကို ဖမ်းဆီးထားပြီး စစ်မှုထမ်း ဥပဒေကို မထမ်းဆောင်ချင်တဲ့အတွက် လူ ၁၂ ဦးမှာ မိမိကိုယ်ကို အဆုံးစီရင်သွားတယ်လို့ Spring Revolution Database ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရပ်သား ပြည်သူ ၅၆၉၈ ဦးကို ဖမ်းဆီးခဲ့ပြီး ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး၊ ရိုဟင်ဂျာလူမျိုးတွေ အပါအဝင် ၁၈၃၈ ဦးကို ဖမ်းဆီးထားပါတယ်။ စစ်ကိုင်းတိုင်းမှာ ၇၈၃ ဦး၊ ပဲခူးတိုင်းမှာ ၅၂၈ ဦး ၊ မကွေးတိုင်းမှာ ၄၄၇ ဦးထိ ဖမ်းဆီးထားတယ်။ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူက ၂၃၇၄ ဦး ၊ မြို့ပြမှာ ဖမ်းဆီးခံရသူက ၁၉၉၇ ဦး ၊ခရီးသွားရင်း ဖမ်းဆီးခံရသူက ၃၉၈ ဦး ရှိနေပြီလို့ SRD ရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ကျောက်ဖြူမြို့က IDP Camp ကနေ မှတ်ပုံတင်ပေးမယ်ဆိုတဲ့ မက်လုံးပေးပြီး ဒုက္ခသည်တွေကို စစ်မှုထမ်းဖို့ ခေါ်သွားတာလည်း ရှိပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် မိမိကိုယ်ကိုအဆုံးစီရင်မှုတွေကတော့ ၁၂ ဦးထိ ရှိတယ်လို့ သိရှိရပါတယ်။ မတ်လတစ်လထဲမှာ ၇ ဦးအထိ ရှိပြီး ဧရာဝတီတိုင်းက ၂ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က တစ်ဦး၊ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က တစ်ဦး ၊ ရန်ကုန်တိုင်းဒေါပုံမြို့နယ်က တစ်ဦး၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်က တစ်ဦး၊ ရခိုင်ပြည်နယ် မာန်အောင်မြို့က တစ်ဦး ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေထဲမှာ စစ်မှုမထမ်းချင်လို့ အဆုံးစီရင်တာ ၁၀ ဦးဖြစ်ပြီး ကျန်တဲ့နှစ်ဦးမှာ မြေးဖြစ်သူ မဲပေါက်တဲ့အတွက် အဆုံးစီရင်သွားတဲ့ အဘွားဖြစ်သူနဲ့ ရွာကလူတွေကို အတင်းအကြပ် မဲဖောက် စစ်မှုထမ်း လူဆင့်ခေါ်ဖို့ စစ်တပ်က ဖိအားပေးတဲ့အတွက် အဆုံးစီရင်လိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့လည်း ပါဝင်ပါတယ်။