Homeဆောင်းပါး"၉ ရက် ၉ လမှာ တစ်ခုခုထူးချင်ရင် ည ၉ နာရီ ၉ မိနစ်ထိုးတာနဲ့ ဘီယာဆိုင် ၉...

“၉ ရက် ၉ လမှာ တစ်ခုခုထူးချင်ရင် ည ၉ နာရီ ၉ မိနစ်ထိုးတာနဲ့ ဘီယာဆိုင် ၉ ဆိုင်မှာ ဘီယာ ၉ ခွက်ပြည့်အောင်သောက်ပါ။ သေချာတာက စစ်သားကြီးဖြစ်လာပါလိမ့်မယ်”

ဒါဟာ အဲဒီနေ့က Facebook မှာ ဖတ်လိုက်ရတဲ့ ဟာသ စာတိုတစ်ခုပါ။ ရေးတဲ့သူကိုတော့ သေချာမမှတ်မိတော့ပါ။ ဟာသ ဆိုပေမဲ့ နှလုံးသားကို နာနာကျင်ကျင်ခံစားသွားရစေတဲ့ စာတိုလေးဖြစ်ပါတယ်။ အနောက်တိုင်းက အသုံးအနှုန်းနဲ့ ပြောရမယ်ဆိုရင် dark comdey လို့ ဆိုရပါမယ်။ (မြန်မာမှုမပြုနိုင်လို့ အင်္ဂလိပ်လိုပဲ သုံးလိုက်တာ ဖြစ်ပါတယ်။)

စစ်အုပ်စုရဲ့ လူဖမ်းပွဲ ဘယ်လောက်တောင်ကြီးနေပြီလဲဆိုတာကို အဲဒီစာသားတွေက သက်သေ ပြုနေပါတယ်။ ပြည်တွင်းမှာ ပုံမှန်လိုဖြစ်လာတဲ့ နာတာရှည်နှစ်တွေရဲ့ ဘေးထွက်ဆိုးကျိုးပါ။ ဒါပေမဲ့လည်း ပြည်တွင်းမှာ လူငယ်၊ လူရွယ်တွေ ကျန်နေတုန်းပါပဲ။

ဒီတော့ ကျန်းမာသန်စွမ်းတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ စစ်အုပ်စုရဲ့ ပေါ်တာဆွဲတာကို မခံရအောင် သူတို့လက်က လွတ်နိုင်တဲ့နေရာတွေဆီ ပြေးနိုင်သမျှပြေးမှ ရပါမယ်။ မပြေးနိုင်ရင်တော့ ရှေ့တန်းမှာ သေမယ်၊ ကံကောင်း(ကြိုးစား)မှပဲ အသက်ရှင်နိုင်မှာပါ။

လူဖမ်းပွဲတွေ ဘယ်လောက်ဆိုးနေသလဲဆိုတာကို သိချင်ရင်တော့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေပေါ်ကို သွားကြည့်တာနဲ့ အရင်နှစ်ကာလတွေနဲ့ ဘာမှ မဆိုင်တော့တာကို တွေ့ရပါလိမ့်မယ်။

စာရေးသူ မန္တလေးမြို့ပေါ်ရောက်တဲ့အချိန် မယုံနိုင်လောက်အောင်ဖြစ်မိပါတယ်။ ငလျင်ကြောင့် တိုက်ပြိုတွေကို တွေ့ရလို့မဟုတ်ပါဘူး။ အမြဲတန်း ဆိုင်ကယ်တဝူးဝူး၊ အပျံစားဝတ်ထားတဲ့ လူငယ်တွေနဲ့ ရှုပ်ပွနေတဲ့ မန္တလေးဟာ နေ့လည်နေ့ခင်းမှာတောင် တိတ်ဆိတ်ခြောက်ကပ်နေလို့ပါ။

ရန်ကုန်ရောက်တဲ့အချိန်မှာလည်း အဲဒီလိုပါပဲ နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်မှာ အမျိုးသားတွေကို မတွေ့ရသလောက်ပါပဲ။ ပိတ်ရက် မြို့ထဲကို အလယ်လာကြတဲ့သူအများစုကလည်း အမျိုးသမီးငယ်လေးတွေ ဖြစ်နေပါတယ်။

ဒီနေ့ ဒီရက်၊ ဒီနေရာမှာ သက်လက်ပိုင်း အမျိုးသမီးတစ်ယောက်က ငိုနေတာတွေ့ပြီးရင် အဲဒီနေ့မှာပဲ တခြားနေရာက တခြားအမျိုးသမီး တစ်ယောက် ငိုနေတာကို တွေ့နိုင်မှာပါ။ ဘာကြောင့်လည်းဆိုတော့ ပျောက်သွားတဲ့ သူတို့သားတွေနဲ့ အဆက်အသွယ်ပြန်ရပြီး စစ်အုပ်စုရဲ့ တပ်ထဲ ရောက်နေတာကို ကြားသိရလို့ပါ။

ဒါဟာ မျက်မြင်တွေ့ရတာတွေနဲ့ ရပ်ကွက်ထဲက အဖြစ်အပျက်တွေဖြစ်ပါတယ်။ ဖြစ်နိုင်ပါ့မလားလို့ မေးခဲ့ရင် ထင်ရှားတဲ့ အချက်အလက်တချို့ ချပြနိုင်ပါတယ်။

စာဖတ်သူအနေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ တင်ထားတဲ့ သတင်းတွေကို ဖတ်ကြည့်ပါ။

ဘယ်လိုသတင်းတွေကို တွေ့ရများလာလည်းဆိုတာကို ဆန်းစစ်ကြည့်ပါ။ ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေရဲ့ လစဉ် ထုတ်ပြန်ချက်တွေကိုကြည့်နိုင်ပါတယ်။

ဥပမာပြရရင် Tamar Institute of Deveploment ဆိုတဲ့ အဖွဲ့က လစဉ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ မကွေးတိုင်းကို အထူးပြုဖော်ပြတာပါ။

သူတို့ရဲ့ ဩဂုတ်လထုတ် အစီရင်ခံစာကို ကြည့်မယ်ဆိုရင် စာမျက်နှာ ၆ မျက်နှာလောက်ထိပဲ တိုက်ပွဲတွေသတင်းတွေကို တွေ့ရမှာဖြစ်ပြီး ကျန်တဲ့ စာမျက်နှာ ၂၀ ကျော်မှာတော့ စစ်အုပ်စုက လူငယ်တွေကို ဖမ်းဆီးတဲ့ သတင်းတွေက ခပ်များများနေရာယူထားပါတယ်။ အရင်လက အစီရင်ခံစာတွေနဲ့ တော်တော်ကွဲပြားနေတာကို တွေ့ရမှာပါ။

စစ်အုပ်စုက ဖမ်းဆီးပြီးလို့ စစ်သင်တန်းပေး၊ စစ်သားဖြစ်သွားရင်တော့ ရှေ့တန်းထွက်ရဖို့ ရာခိုင်နှုန်းက ရာနှုန်းပြည့်နီးပါးပါ။ ရှေ့တန်းရောက်ရင်တော့ စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်လောက်အောင် မကြုံဖူးတဲ့ ဒုက္ခတွေ ဆက်တိုက်ကြုံရမှာပါ။

အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုဖိုင်တွေကို နားထောင်ကြည့်နိုင်ပါတယ်။ စစ်အုပ်စုရဲ့ တပ်ထဲမှာ ဘယ်လိုဒုက္ခတွေကြုံရလဲဆိုတာကို လွတ်လာတဲ့သူတွေ ပြောထားတာ အများအပြားရှိပါတယ်။

တိုက်ပွဲထဲမှာ ရှေ့မတက်ဘဲ နောက်ပြန်ဆုတ်လာရင်လည်း ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့၊ ဆုတ်လာတဲ့သူကို ပစ်သတ်ဖို့အမိန့်ပေးတာတွေကို စစ်အုပ်စုရဲ့ တပ်မမှူး၊ တပ်ရင်းမှူးတွေဟာ အလွယ်တကူ လုပ်ဖို့ ဝန်လေးကြတဲ့သူတွေ မဟုတ်ပါဘူး။

ရှေ့တန်းမှာ ကံကောင်းလို့ မသေသေးရင်တောင် မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်သွားနိုင်ပါတယ်။

မူးယစ်ဆေးတွေကိုလည်း စစ်အုပ်စုရဲ့ အရာရှိတွေက တပ်ထဲမှာ ဈေးပေါပေါနဲ့ ပြန်ရောင်းပေးနေကြလို့ပါ။ ရှေ့တန်းမှာ ယာဘဈေးနှုန်းဟာ အရက်ထက် ဈေးပေါပါတယ်။

ရှေ့တန်းရောက်ရင် ကံအကောင်းဆုံးကတော့ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်သုံ့ပန်းဖြစ်ရတာပါပဲ။

စစ်သုံ့ပန်းဖြစ်သွားရင်တော့ ဝမ်းသာလိုက်ပါ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကလွဲလို့ သေနိုင်ချေဟာ တော်တော်လေးနည်းသွားပါပြီ။

ဆိုတော့ စစ်အုပ်စုထိန်းချုပ်နယ်မြေမှာရှိတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ ပြေးကိုပြေးမှ ဖြစ်မှာပါ။

ဘယ်လိုပြေးကြမလဲဆိုရင်တော့ ကိုယ်နဲ့ ဘယ်အခြေအနေက အကိုက်ဆုံးဖြစ်မလဲဆိုတာကို ဦးနှောက်မုန်တိုင်းဆင်ကြည့်ပါ။

အနီးဆုံး ထိုင်းနိုင်ငံကိုပြေးမလား၊ တော်လှန်ရေးအင်အားစုတွေဆီသွားပြီး တာဝန်ထမ်းဆောင်မလား။ ဒါမှမဟုတ် တော်လှန်ရေးနယ်မြေထဲမှာ သွားနေထိုင်မလား။ စတာ၊ စတာတွေကို စဉ်းစားကြည့်ပါ။

တော်လှန်ရေးနယ်မြေထဲရောက်ရင်တော့ အစားအသောက်၊ အနေအထိုင် ကျပ်တည်းနိုင်ပါတယ်။ စိတ်လွတ်လပ်မှုရပါမယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ လေကြောင်းရန်ကိုတော့ သတိထားရပါမယ်။ ပြည်ပနိုင်ငံမှာ တရားမဝင်နေထိုင်မယ်ဆိုရင်တော့ ဖမ်းဆီးခံရတာတွေရှိကောင်း ရှိနိုင်ပါမယ်။ အလုပ်ရှာမရတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ တရားဝင်သွားနိုင်တဲ့သူတွေကတော့ သွားကြပါ။

အနှစ်ချုပ်ရရင်တော့ နှစ်အနည်းငယ်လောက် မိသားစုနဲ့ခွဲနေရတာ၊ ကိုယ်ချစ်တဲ့မြို့နဲ့ခွဲနေရတာဟာ စစ်အုပ်စုရဲ့ စစ်တပ်ထဲရောက်ပြီး ရှေ့တန်းမှာ အသေခံရတာထက်စာရင် မပြောပလောက်တဲ့ ဒုက္ခတွေဖြစ်ပါတယ်။

ဆိုတော့ တတ်နိုင်သမျှ ပြေးကြပါ။

ရေးသူ – ကောက်ရိုး

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး