Homeပြည်တွင်းသတင်း၇၉ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ အာဏာမသိမ်းမီနဲ့ သိမ်းပြီးအခြေအနေတွေကို ဦးကျော်မိုးထွန်းနှိုင်းယှဉ်တင်ပြ

၇၉ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ အာဏာမသိမ်းမီနဲ့ သိမ်းပြီးအခြေအနေတွေကို ဦးကျော်မိုးထွန်းနှိုင်းယှဉ်တင်ပြ

၁၀ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာလ ၈ ရက်က ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာအစီအစဉ်မှာ မှာ ကုလသမဂ္ဂဆိုင် ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေတွေကို နှိုင်းယှဉ်ပြောဆို တင်ပြခဲ့တယ်လို့ ဦးကျော်မိုးထွန်းရဲ့ လူမှုကွန်ယက်မှာ အောက်တိုဘာ ၁၀ ရက်က တရားဝင်ထုတ်ပြန်ပါတယ်။

တရားမဝင် အာဏာသိမ်းပြီး ၄ နှစ်အတွင်း မြန်မာနိုင်ငံဟာ ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေဟာ သဘာဝဘေးကျရောက်နေတဲ့အချိန်မှာတောင် ပြည်သူတွေကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ မရောက်ဖို့ တားမြစ်နေတယ်လို့ ပြောဆိုပါတယ်။

ဦးကျော်မိုးထွန်းပြောကြားတဲ့အထဲမှာ ပဋိပက္ခတွေ၊ ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ ကြွေးမြီမြင့်မားလာခြင်းနဲ့ စားနပ်ရိက္ခာ မလုံခြုံမှုတို့ဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေကြောင်း၊ ဒီအကြပ်အတည်းတွေဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ (LDCs) ကို အပြင်းထန် ဆုံးထိခိုက်ပြီး ကွာဟချက်ပိုပြီး ကြီးမားလာစေတယ်လို့ ဆိုပါတယ်။

UN ရဲ့ ဖွံ့ဖြိုးတိုးတက်နေဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံတွေကို ပိုပြီး ထိရောက်မျှတအောင် ကူညီထောက်ပံ့သွားမယ့် “Pact for the Future” ကတိပြုချက်ကို အဖွဲ့ဝင်နိုင်ငံတွေက အတည်ပြုနိုင်တဲ့ အပေါ်မှာ မြန်မာနိုင်ငံက ကြိုဆိုထောက်ခံတယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာ ပျမ်းမျှနှစ်စဉ် GDP တိုးတက်မှု နှုန်း 6.2% ဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားပြီး အရပ်သားအစိုးရဟာ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက် ရေးရည်မှန်းချက်ထားပြီး မူဝါဒချမှတ် ဆောင်ရွက်ခဲ့တယ်လို့ သူက တင်ပြပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ (CDP)ရဲ့ ၂၀၁၈ ခုနှစ် ပြန်လည် သုံးသပ်မှုမှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဆင့်မှ လွတ်မြောက်ဖို့ စံသတ်မှတ် ချက် (၃) ခုလုံးနဲ့ ပထမဆုံးအကြိမ် ပြည့်မီခဲ့တယ်လို့ သူက ဆိုပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရဆောင်ရွက်ခဲ့တဲ့ လူမှုစီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်တိုးတက် ပြောင်းလဲမှု တွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က တရားမဝင် အာဏာသိမ်းမှုကြောင့် နောက်ပြန်ဆုတ်သွားခဲ့ပြီး ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှု၊ လူသုံးကုန် ပစ္စည်းပြတ်လပ်မှု၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ် ချက်တွေက မြန်မာ့စီးပွားရေးလည်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်နေပြီး မြန်မာနိုင်ငံလူဦးရေရဲ့ ထက် ဝက်နီးပါးက ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်နေရပါတယ်။

လူပေါင်း ၃.၄ သန်းဟာ အိုးအိမ်မဲ့ဖြစ်နေပြီး၊ ၁၅ သန်း ကျော်က စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီး ၁၈.၆ သန်း က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ တင်ပြပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ တရားမျှတပြီး ပြည်သူအားလုံးပါဝင်နိုင်မယ့် ရွေးကောက်ပွဲ မဟုတ်ဘဲ ပြည်သူတွေကို ဒုက္ခရောက်အောင်ပိုပြီး တွန်းပို့မှာ ဖြစ်တယ်လို့ ပြောဆိုပြီး နိုင်ငံတကာက ပြတ်ပြတ် သား သားပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ တိုက်တွန်းသွားပါတယ်။

Photo – Permanent Mission of Myanmar to the United Nations

ဆက်စပ် သတင်းများ

Most read