၁၈ မတ်လ ၂၀၂၆ | New Day Myanmar
အမေရိကန်နိုင်ငံသားဖြစ်တဲ့ အွန်လိုင်းဆယ်လီ သမီးဆိုး (ခေါ်) မသက်ကိုကိုဟာ မြန်မာနိုင်ငံကို ပြန်လာစဉ် စစ်ကော်မရှင်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် လက်ရှိမှာ ပြန်လည်လွတ်မြောက်လာပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို မိသားစုနဲ့အတူ ပြန်ရောက်သွားပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတာအရ သိရပါတယ်။
သူ့ကို ပြန်လွတ်မြောက်စေဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အထူးညွှန်ကြားချက်နဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ အစိုးရအဖွဲ့တွေ၊ ကောင်စစ်ဝန်ရုံးတွေ၊ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးတို့က တက်ကြွစွာ ဆောင်ရွက်ပေးခဲ့တယ်လို့ သမီးဆိုးက သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောပါတယ်။
“အမေရိကန်အစိုးရအဖွဲ့တွေရဲ့ ကူညီမှုကို ကျေးဇူးတင်တယ်” လို့ ဆိုပြီး ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။
လက်ရှိမှာတော့ မိသားစုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေပြီး မြန်မာနိုင်ငံမှာ ရှိနေစဉ် ကြုံတွေ့ခဲ့ရတဲ့ အနိုင်ကျင့်ခံရမှုတွေကိုလည်း နောက်ပိုင်းမှာ ပရိသတ်တွေကို ပြန်လည်မျှဝေသွားမယ်လို့ ဆိုပါတယ်။
မသက်ကိုကိုဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၂ ရက်မှာ မြန်မာနိုင်ငံကို ပြန်ဝင်လာခဲ့ပြီး အောက်တိုဘာ ၁၂ ရက်မှာ ထိုင်းနိုင်ငံကို ပြန်ထွက်ဖို့ ကြိုးပမ်းစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူ့ကို အမေရိကန်မှာနေစဉ် ပြုလုပ်ခဲ့တဲ့ Live ထဲက ပြောဆိုမှုတွေကြောင့် ပြင်ဦးလွင်မြို့မရဲစခန်းမှာ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားခဲ့ပြီး၊ နောက်ထပ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားမှုတွေကြောင့် ပုဒ်မ ၅၀၅(က)နဲ့လည်း ထပ်မံအမှုဖွင့်ကာ ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ – Shwe Thet FB


