Homeအထူးသတင်းအီရန်စစ်ရေးဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး အမေရိကန် အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ နုတ်ထွက်

အီရန်စစ်ရေးဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး အမေရိကန် အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ နုတ်ထွက်

၁၈ မတ်လ ၂၀၂၆ | New Day Myanmar

အီရန်ကို စစ်ရေးဆင်နွှဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဂျိုးကန့်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

ဂျိုးကန့်ဟာ လူမှုကွန်ရက် Xမှာ တင်ခဲ့တဲ့ နုတ်ထွက်စာထဲမှာ အမေရိကန်အနေနဲ့ အီရန်ဘက်ကနေ လတ်တလော ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် သမ္မတထရမ့်ဟာ အစ္စရေးအစိုးရနဲ့ အစ္စရေးကို လိုလားတဲ့ အမေရိကန် လော်ဘီအဖွဲ့အစည်းတွေ၏ ဖိအားကြောင့် အီရန်ကို စစ်တိုက်ခဲ့တာလို့လည်း စွပ်စွဲထားပါတယ်။

နုတ်ထွက်ချိန်မှာ ဂျိုးကန့်က အမေရိကန် သမ္မတအနေနဲ့ မူဝါဒလမ်းကြောင်းမှန်ကို ပြန်လည်လှည့်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်ဘက်ကတော့ အဲ့ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပြီး အီရန်ဘက်ကနေ အမေရိကန်ကို တိုက်ခိုက်နိုင်တဲ့ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေ ရရှိထားခဲ့ကြောင်း ပြောဆိုထားပါတယ်။

ဂျိုးကန့်ဟာ ထရမ့်အစိုးရအတွင်း အီရန်စစ်ရေးနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဆန့်ကျင်ဝေဖန်ခဲ့တဲ့ အဆင့်မြင့်ဆုံး အရာရှိတစ်ဦးဖြစ်ပြီး ယင်းနောက် နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ကလည်း ဂျိုးကန့်ဟာ လူကောင်းတစ်ယောက်ဖြစ်ပေမယ့် လုံခြုံရေးဆိုင်ရာ သဘောထားတွေမှာ အားနည်းချက်ရှိတယ်လို့ ဝေဖန်ပြောကြားထားပါတယ်။

နုတ်ထွက်စာထဲမှာလည်း အစ္စရေးအရာရှိတွေ၊ အမေရိကန်မီဒီယာတချို့က သမ္မတထရမ့်ဆီ သတင်းအချက်အလက် မမှန်ကန်တာတွေ ပေးပို့ခဲ့ကြောင်း၊ ယင်းကြောင့် အီရန်ဘက်က ချက်ချင်းအန္တရာယ် ဖြစ်နိုင်တယ်ဆိုတဲ့ မှားယွင်းယုံကြည်မှုတွေ ဖြစ်ပေါ်လာခဲ့ကြောင်း ဂျိုးကန့်က ထောက်ပြထားပါတယ်။

အဲ့ဒီပြောဆိုချက်တွေကြောင့် အမေရိကန်အတွင်းရှိ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး နာမည်ဖျက်မှု ဆန့်ကျင်ရေးအဖွဲ့ချုပ် (ADL)ကလည်း ယင်းစာသားတွေမှာ ဂျူးဆန့်ကျင်ရေး သဘောထားတွေ ပါဝင်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အမေရိကန် အစ္စရေး ပြည်သူ့ရေးရာ ကော်မတီ (AIPAC) ကလည်း အဆိုပါ ဝေဖန်ချက်တွေကို ထောက်ခံထားကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး