၁၄ မတ်လ ၂၀၂၆ | New Day Myanmar
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်က ပြောကြားလိုက်ပါတယ်။
ဒီသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အန်ဒရူးစ်က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အထူးစိုးရိမ်စရာ အဆင့်မှာ ရှိနေဆဲဖြစ်ကြောင်း ပြောပါတယ်။ အထူးသဖြင့် အီရန်ကို ဆက်နွယ်တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတကာအာရုံစိုက်မှု အရှေ့အလယ်ပိုင်းဘက်ကို ရွေ့သွားနိုင်ပြီး မြန်မာ့အရေးအပေါ် အာရုံစိုက်မှု လျော့ကျလာနိုင်တယ်လို့လည်း သူက ထောက်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ ဖိနှိပ်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း အန်ဒရူးစ်က ဆိုပါတယ်။ မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်ကြားမှာသာ မဟုတ်ဘဲ တမင်ရည်ရွယ် ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။
အထူးသဖြင့် အရပ်သားနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ တိုးလာနေကြောင်းကိုလည်း အန်ဒရူးစ်က မီးမောင်းထိုးပြပါတယ်။ ၂၀၂၁ ခုနှစ်မှာ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၉ ကြိမ်သာ ဖြစ်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ အဲဒီတိုက်ခိုက်မှုတွေ အကြိမ်ပေါင်း ၁၁၄၀ အထိ တိုးလာခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ နိုင်ငံတကာ လူသားချင်းစာနာမှု အထောက်အပံ့တွေ လျော့ကျလာနေတဲ့ အခြေအနေကိုလည်း အန်ဒရူးစ်က စိုးရိမ်ကြောင်း ပြောပါတယ်။ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့အခါ နိုင်ငံတကာရဲ့ အာရုံစိုက်မှု အဲဒီဒေသဘက်ကို ရွေ့သွားနိုင်ပြီး မြန်မာလို နိုင်ငံတွေဟာ ပိုပြီး မျက်ကွယ်ပြုခံရနိုင်တယ်လို့ သူက သတိပေးပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခ မပြင်းထန်မလာခင်ကတည်းကပင် နိုင်ငံတကာ လူသားချင်းစာနာမှု ရန်ပုံငွေတွေ လျော့ကျနေခဲ့ပြီး အဲဒီအခြေအနေတွေကို မြန်မာနိုင်ငံကလည်း ကြုံတွေ့နေရတယ်လို့ အန်ဒရူးစ်က ဆိုပါတယ်။ ရန်ပုံငွေတွေ လျော့ကျလာပေမယ့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ကတော့ ဆက်လက် မြင့်တက်လာနေတယ်လို့လည်း သူက ထောက်ပြပါတယ်။


