Homeအထူးသတင်းအရှေ့အလယ်ပိုင်းမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ရေနံစိမ်း တစ်စည်ကို ၁၁၀ ဒေါ်လာအထိ စျေးတက်လာ

အရှေ့အလယ်ပိုင်းမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ရေနံစိမ်း တစ်စည်ကို ၁၁၀ ဒေါ်လာအထိ စျေးတက်လာ

၁၉ မတ်လ ၂၀၂၆ | New Day Myanmar

အရှေ့အလယ်ပိုင်းဒေသမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် ရေနံစိမ်းဈေးဟာ တစ်စည်ကို ဒေါ်လာ ၁၁၀ ကျော်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

မတ်လ ၁၉ ရက် မနက်ပိုင်း ကုန်သွယ်မှုအတွင်း Brent ရေနံဈေးဟာ ၂.၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်ကို ဒေါ်လာ ၁၁၀.၄၀ အထိ ရောက်ရှိခဲ့ပေမယ့် မတ်လ ၉ ရက်နေ့က စံချိန်တင်ခဲ့တဲ့ ဒေါ်လာ ၁၁၉.၅၀ ထက်တော့ နိမ့်နေသေးပါတယ်။

ဈေးတက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကာတာနိုင်ငံက စွမ်းအင်စက်မှုဇုန်တစ်ခုကို အီရန်ဘက်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ပါဝင်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် Ras Laffan Industrial City မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသအာဏာပိုင်တွေက ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒါ့အပြင် ဒေသတွင်း အရေးပါတဲ့ စွမ်းအင်စီမံကိန်းတစ်ခုဖြစ်တဲ့ အီရန်ရဲ့ South Pars သဘာဝဓာတ်ငွေ့စီမံကိန်းကိုလည်း အစ္စရေးဘက်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု လမ်းကြောင်းအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး ဈေးကွက်မတည်မငြိမ်ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

အဲ့ဒီအကျိုးဆက်အဖြစ် အာရှဒေသက စတော့ရှယ်ယာဈေးကွက်တွေမှာလည်း ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှု လျော့ကျလာပြီး ဩစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အပါအဝင် ဈေးကွက်တွေ ကျဆင်းသွားခဲ့ပါတယ်။

တဖက်မှာတော့ ပုံမှန်အားဖြင့် အကျပ်အတည်းကာလတွေမှာ တန်ဖိုးတက်လေ့ရှိတဲ့ ရွှေဈေးဟာ မျှော်လင့်ထားသလို မတက်ဘဲ ပြန်လည်ကျဆင်းလာပြီး အမေရိကန် ဒေါ်လာတန်ဖိုး တက်နေခြင်းနဲ့ Federal Reserve ရဲ့ မူဝါဒမျှော်လင့်ချက် ပြောင်းလဲမှုတွေကြောင့် ဖိအားတွေ ကြုံတွေ့နေရပါတယ်။

စစ်ရေးတင်းမာမှု မဖြစ်ခင်က ရွှေတစ်အောင်စကို ဒေါ်လာ ၅,၂၇၉ ဝန်းကျင်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒေါ်လာ ၄,၈၃၅ ဝန်းကျင်အထိ ကျဆင်းလာတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး