၁၁ မတ်လ ၂၀၂၆ | New Day Myanmar
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်အရ ဒါးလက်ချောင်းဒေသရှိ အဆိုပါ စစ်သုံ့ပန်းအကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့က တိုက်လေယာဉ် ၄ စီးနဲ့ Y-12 လေယာဉ် ၄ စီး အသုံးပြုပြီး သုံးနာရီခွဲခန့် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ စစ်ကော်မရှင်ဘက်က အရာရှိကြီးတချို့လည်း ပါဝင်နေတယ်လို့ AA က ဆိုပါတယ်။
ထို့အပြင် အကျဉ်းစခန်းအတွင်း ထိန်းသိမ်းထားတဲ့ အရပ်သားသုံ့ပန်းတချို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ပြီး အလောင်းတချို့မှာ ပျက်စီးမှု ပြင်းထန်တာကြောင့် ဘယ်သူဘယ်ဝါဖြစ်ကြောင်း ခွဲခြားလို့ မရနိုင်တဲ့အခြေအနေတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA ကတော့ အာရက္ခဒေသအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သူတို့ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေ အသေအပျောက် အများဆုံး ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ – AA


