Homeအထူးသတင်းအမေရိကန် – ကျူးဘား လျှို့ဝှက်ဆွေးနွေးပွဲများ စတင်နေ

အမေရိကန် – ကျူးဘား လျှို့ဝှက်ဆွေးနွေးပွဲများ စတင်နေ

၁၄ မတ်လ ၂၀၂၆ | New Day Myanmar

အမေရိကန်နဲ့ ကျူးဘားနိုင်ငံကြား လျှို့ဝှက်အဆင့်မြင့် ဆွေးနွေးပွဲတွေ စတင်နေတယ်လို့ ကျူးဘားအစိုးရက လူသိရှင်ကြား ဝန်ခံလိုက်ပြီးနောက် ဆယ်စုနှစ်များစွာ တင်းမာနေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။

ကျူးဘားသမ္မတ မီဂွယ်လ် ဒီယက်ဇ်-ကာနဲလ်က မတ်လ ၁၃ ရက်နေ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ နှစ်နိုင်ငံဆွေးနွေးမှုတွေဟာ လက်ရှိ “ပထမအဆင့်” မှာပဲ ရှိနေသေးပြီး ဆွေးနွေးမယ့် အကြောင်းအရာတွေကို သတ်မှတ်နေတဲ့ အဆင့်သာ ရှိသေးတယ်လို့ ပြောပါတယ်။

ဒီထုတ်ပြန်ချက် မတိုင်ခင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “Shield of Americas” ထိပ်သီးအစည်းအဝေးမှာ ကျူးဘားအစိုးရ မကြာမီ ပြိုလဲနိုင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

လက်ရှိမှာ ကျူးဘားနိုင်ငံဟာ လောင်စာဆီ ပြတ်လပ်မှုနဲ့ စီးပွားရေးအကျပ်အတည်း ပြင်းထန်စွာ ရင်ဆိုင်နေရပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး လောင်စာဆီ ထောက်ပံ့မှု အများစု ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဗင်နီဇွဲလားနဲ့ မက္ကဆီကိုက လောင်စာဆီပို့ဆောင်မှုတွေ ရပ်ဆိုင်းခဲ့တာကြောင့် ကျူးဘားရဲ့ စွမ်းအင်အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူတွေကတော့ အမေရိကန်အစိုးရအတွင်းမှာလည်း ကျူးဘားအရေးကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အမြင်ကွဲပြားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က ကျူးဘားအစိုးရကို အမြန်ဆုံး ဖိအားပေးပြီး အပြောင်းအလဲ ဖြစ်စေချင်တဲ့ သဘောထားရှိတယ်လို့ ဆိုကြပါတယ်။

တစ်ဖက်မှာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဘက်ကတော့ အဆင့်လိုက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စနစ်တကျ ဆွေးနွေးညှိနှိုင်းသင့်တယ်ဆိုတဲ့ ချဉ်းကပ်မှုကို ထောက်ခံနေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တချို့အရ အမေရိကန်နဲ့ ကျူးဘား ကိုယ်စားလှယ်တွေကြား လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း လျှို့ဝှက်တွေ့ဆုံမှု အနည်းဆုံး ခြောက်ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နဲ့ ကျူးဘားနိုင်ငံကြား ဆက်ဆံရေးဟာ ၁၉၆၀ ခုနှစ်များက စတင်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဆယ်စုနှစ်များစွာ တင်းမာနေခဲ့ပါတယ်။ ဒါပေမယ့် အခုလို လျှို့ဝှက်ဆွေးနွေးပွဲတွေ စတင်လာတာကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး