Homeပြည်တွင်းသတင်းသံတွဲအကျဉ်းထောင်ကနိုင်ငံသားအကျဉ်း‌သားတွေကို မိသားစုနဲ့နေအိမ်တွေဆီပို့ဆောင်ခဲ့ကြောင်း AA ထုတ်ပြန်

သံတွဲအကျဉ်းထောင်ကနိုင်ငံသားအကျဉ်း‌သားတွေကို မိသားစုနဲ့နေအိမ်တွေဆီပို့ဆောင်ခဲ့ကြောင်း AA ထုတ်ပြန်

၈ ဩဂုတ်၊ ၂၀၂၄

သံတွဲမြို့ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့နေအိမ်တွေဆီ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်ကစတင်ပို့ဆောင်ပေးနေကာ ရာဇဝတ်အကျဉ်းသားတွေကိုတော့အမှုပြန်လည်စိစစ်ပြီး တရားမျှတအောင်စီစဉ်သွားမယ်လို့ (ULA/AA) က ဩဂုတ် ၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့တပ်စခန်းအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုကို ဇူလိုင်လ ၁၆ ရက်မှာ သိမ်းပိုက်လိုက်ပြီး သံတွဲမြို့အကျဉ်းထောင်မှာ ပိတ်မိနေတဲ့နိုင်ငံရေးအကျဉ်းသား ၄၁ ဦးအပါအဝင် အကျဉ်းသား ၃၇၂ ဦးကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် တိုက်ပွဲကြားက ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းသား (၃၇၂) ဦးထဲက (၇) ဦးဟာ ကယ်ထုတ်နေတဲ့အချိန်အတွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန်တဲ့ (၂) ဦးလည်းဒဏ်ရာပြင်းထန်လို့ ကုသရင်း သေဆုံးသွားတယ်လို့ AA က ဖော်ပြချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား (၄၃) ဦး ကယ်ထားနိုင်ပေမဲ့ (၂) ဦးက ကယ်ထုတ်နေတဲ့အချိန်မှာ အသက်ဆုံးသွားခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား (၄၁) ဦးထဲက ရောဂါ၊ ဒဏ်ရာရသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေသူ (၁၇) ဦးကို AA က ကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်လို့ ဆိုပါတယ်။

AA ဟာ မောင်တော်မြို့က နတ်မြစ်အတွင်း ထွက်ပြေးလာတဲ့ လူနည်းစုလူမျိုးတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ရာဝန်းကျင် သေဆုံးခဲ့ရတယ်ဆိုတဲ့အငြင်းပွားဖွယ်ရာ ဖြစ်ရပ်အပေါ်မှာ သူတို့နဲ့လုံးဝ သက်ဆိုင်ခြင်းမရှိပါကြောင်း တုံ့ပြန်ကြေညာချက်ကို ဩဂုတ်လ ၇ ရက်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read