တနေ့က KIA က သက်ငယ်မူဒိန်းကျူးလွန်၊ လူသတ်တဲ့ကောင်ကို ကွက်မျက်တယ်၊ ဒီနေ့ MNDAA က ရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေကို public မှာ ကွပ်မျက်ပြတယ်။ ကျွန်မအနေနဲ့က ဘယ် ပြစ်မှုကို မဆို သေဒဏ် ပေးချင်းကို ဆန့် ကျင်တယ်။
တနေ့က ကလေးတွေ မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်ကို သတ်ဖြတ်ခဲ့တဲ့ ကောင်ကို KIA က ကွပ်မျက်ခဲ့တယ်။ ကျွန်မ အဲဒီလူရဲ့ လုပ်ရပ် ရက်စက်လွန်းတာကို လက်ခံတယ်၊ သေဒဏ်နဲ့ ထိုက်တန်တယ်ဆိုတာ လက်ခံတယ်။ သို့သော် အဲဒီ လူ သေဒဏ်ကွပ်မျက်လိုက်လို့ ကျွန်မတို့ ပြန်ရတာ မရှိဘူး။ လူတွေက ကြောက်သွားမယ် နောင်ဒါမျိုး မလုပ်လောက်တော့ဘူးဆိုတာမျိုး လာပြောကြတယ် – အဲဒါ ကျွန်မတို့ အထင်သာဖြစ်တယ်။
အဲဒီလူတွေ အဲဒီအချိန်မျိုးမှာ ငါ သေဒဏ်ကြောက်လို့ ဒီလို မလုပ်တော့ပါဘူးလို့ အတွေးပေါ်လို့ ရပ်တယ်ဆိုတာ ရှားတယ်၊ သေဒဏ်အသက်ဝင်တဲ့ နိုင်ငံတွေ၊ ဒေသတွေမှာ အဲလိုမျိုးမှုခင်းတွေ အရေအတွက်အားဖြင့် ကျသွားတယ်ဆိုတာလည်း data အားဖြင့် မရှိဘူးလို့ ကျွန်မ ဖတ်မိတဲ့ ဆောင်းပါးတွေအရ သိရတယ်။
အဲလို ကြီးမားတဲ့ ပြစ်ဒဏ်တွေ ကျူးလွန်ကြရင် ကျူးလွန်သူမှာ တာဝန်ရှိတာ မှန်တယ်၊ သို့သော် ကျွန်မတို့ လူ့ဘောင်မှာ ကလေးတွေ၊ အမျိုးသမီးတွေ – လုံလုံခြုံခြုံနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းဖို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လူ့အသိုင်းအဝန်း တစ်ခုလုံးမှာ လုပ်ရမယ့် အရာတွေ တာဝန်တွေ အများကြီးရှိတယ် – အချိန်ယူပြီး တည်ဆောက်ကြဖို့လိုတယ်။ အဲဒီ ရှိရမယ့် အခြေခံ protection mechanism လုံးဝ မရှိခဲ့ခြင်းက၊ လုပ်ဖို့ တောက်လျောက်ပျက်ကွက်စေခြင်းက ကျွန်မတို့ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို အကာအကွယ်မဲ့စေတယ်။
ကျွန်မတို့ အဲလို မှုခင်းတွေ ရပ်တန့်အောင်၊ ကျူးလွန်သူတွေ မရှိအောင် ပိုကျန်းမာတဲ့ လူဘောင်ဖြစ်အောင် ကျွန်မတို့ အခုကတည်းက တွန်းတွန်းတိုက်တိုက် တိုက်တွန်းကျဖို့လိုတယ်။ သို့သော် အဲဒါတွေအတွက် သက်ဆိုင်ရာအဖွဲ့တွေက တာဝန်မယူချင်တဲ့အခါ သူတို့ အပြစ်လွတ်အောင် – နင်တို့ မုဒိန်းကျင့်ခံရလား လာခဲ့ ကျူးလွန်သူကို ငါတို့ ကွက်မျက်လိုက်ပြီ၊ နင်တို့ ဓါးပြတိုက်ခံရလား လာခဲ့ ငါတို့ ကျူးလွန်တဲ့ကောင်ကို သတ်ပြစ်လိုက်ဆိုတာ – တကယ့် ကာကွယ်ပေးတဲ့ mechanism မဟုတ်ပါဘူး။
တာဝန်ရှိတဲ့သူတွေ သူတို့လုပ်ရမယ့် တကယ့်တာဝန်ကနေ ရှောင်လွဲပြီး၊ နစ်နာသူတွေ ခံစားရတဲ့ နာကျည်းမှုကို နင်းပြီး လက်ခံသူချူ၊ နိုင်ငံရေး အမှတ်ယူတဲ့ နိုင်ငံရေး အသုံးချမှုသာ ဖြစ်တယ်လို့ ကျွန်မကတော့ မြင်ပါတယ်။
အဲလို ရာဇဝတ်သား တစ်ကောင်ကို သေဒဏ် ပေးလိုက်လို့ – ဘယ်လိုမှ လူ့တန်ဖိုး မရှိတဲ့ ရာဇဝတ်တစ်ယောက်ကို သတ်ခွင့်ရလိုက်လို့ – တရားမျှတမှု ရတယ်လို့ ကျွန်မတို့ မြင်နိုင်တာမျိုး ရှိပေမယ့် – အဲလို တန်ဖိုးမဲ့ လူတစ်ယောက်ကို ရှင်းခြင်း၊ သေခြင်းကြောင့် ကျွန်မတို့ လူ့ဘောင်မှာရော၊ ခံစားရတဲ့သူတွေမှာရော ထူးပြီး ပြန်ရတာ မရှိပါဘူး။ (ကျွန်မ ဒီလို ပြောရင် ဒီစကာလုံး သက်သက်ကိုပဲ ကြည့်ပြီး နင့်ကလေး ခံရမှ နင်အဲလို ပြောလို့ တွေးနေကြမယ်ဆိုတာ သိပါတယ်။ အဲလို တွေးလဲ တွေးပါ – ကျွန်မတို့ – bigger picture ကို အများမြင်အောင် ပြောဖို့ လိုတယ်လို့ မြင်လို့ ဆက်ပြောတာ ဖြစ်ပါတယ်။)
အဲလိုရာဇဝတ်ကောင်တစ်ကောင်ကို ကွက်မျက်ပြီးရင် တရားမျှတမှုရပြီးလို့ ကျွန်မတို့ တွေးရင်၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ကွက်မျက်ပြီးရင် သူတို့ တာဝန် ပြီးပြီဆိုပြီး၊ ပို ကြီးမားတဲ့ အချိန်ယူတည်ဆောက်ရမယ့် အရာတွေအတွက် သူတို့ တာဝန်ယူရမှာကို ရှောင်ခွင့် အခွင့်အရေး ကျွန်မတို့က ပေးလိုက်သလို ဖြစ်စေပါတယ်။ အဲဒီအတွက် တကယ့် ပြသနာဖြေရှင်းနိုင်တဲ့ဆီကို မရောက်သလို၊ တကယ့် ရာဇဝတ်ကောင်ရောက အဲဒီ တစ်ယောက်ထဲ မဟုတ်တဲ့အတွက်၊ အဲဒီ တစ်ယောက်သေပြီးရင် – ပေါ်လာမယ့် နောက်က အယောက်ပေါင်းများစွာကို ကျွန်မတို့ မတားမြစ်နိုင်ပါဘူး။ အဲဒီအတွက် နစ်နာသူတွေအတွက် အနည်းနဲ့အများ closure ပြန်ရှာနိုင်ဖို့ နောက်ထပ်သူတို့လို နစ်နာသူတွေ ထပ်မဖြစ်စေဖို့ ကာကွယ်နိုင်တဲ့ဆီထိကို ကျွန်မတို့ မသွားနိုင်တော့ပါဘူး။
ဒါအပြင် ကွက်မျက်မှုကို အာဏာရှိတဲ့သူတွေက လုပ်တာ ဖြစ်ပါတယ်၊ အဲဒီအာဏာရှိတဲ့သူတွေကို အာဏာ တလွဲ အသုံးမချနိုင်ပါ ဘူးလို့ ကျွန်မတို့ ဘယ်သူ အာမခံနိုင်ပါသလဲ။ တရားရေးမဏ္ဌိုင်ခိုင်မာတဲ့ နိုင်ငံတွေ၊ check & balance အားကောင်းတဲ့ နိုင်ငံတွေမှာတောင် မှားယွင်းကွက်မျက်တာ ဆိုတာ ရှိသလို၊ ကျူးလွန်တာချင်းတူတောင် ချမ်းသာ နာမည်ကြီးပြီး၊ အာဏာရှိတဲ့သူ ကွက်မျက်ခံရတယ်ဆိုတာ အေမတန်မှ ရှားပါးတယ်၊ အောက်ခြေ ဘာအသိုင်းအဝန်းမှ မရှိတဲ့ ရာဇဝတ်သားတွေ ဘဲ သေဒဏ်ကွက်မျက်ခံရတာ မျိုး ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ကို ဝေဖန်တဲ့သူတွေကို ဒီလို အမှုတွေ ဆင်ပြီး မကွက်မျက်ပါဘူးလို့ ကျွန်မတို့ ခင်များတို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ဒါ့အပြင် ဒီကာလမှာရော၊ ခံရတဲ့ နာကျင်မှုနဲ့ယှဥ်ရင် အရေးမပါဘူးလို့ မြင်ကောင်း မြင်ပေမယ့် – ကွက်မျက်တဲ့ တရားရေးရှိတဲ့ အခြေအနေတစ်ရပ် အမြစ်တွယ်လာရင် အဲဒီလူ့ဘောင်က – ကျွန်မတို့သွားချင်တဲ့ – အေးချမ်း၊ မျှတတဲ့၊ လူသားတန်ဖိုးတွေတန်ဖိုးထားတဲ့ လူ့ဘောင်ဖြစ်ဖို့နဲ့ ပိုဝေးသွားပြီး အကြောက်တရားတွေ၊ အနိဌာရုံတွေ ပိုကြီးစိုးတဲ့ ပုံစံမျိုးတွေပဲ ဖြစ်လာစရာ ရှိပါတယ်။ ဒါအပြင် အာဏာရှိတဲ့သူတွေက အဲလို လုပ်နိုင်တယ်ဆိုတာမျိုး လူထုကြားမှာ ပိုပြန့်လာတော့ တစ်ခုခုဆို chilling effect ဖြစ်စေပြီး အာဏာရှင်ကို ပိုကြောက်လာတာမျိုး လူထုတွေကို ဖြစ်စေတယ်။ ကွက်မျက်တဲ့ သူတွေက လူထုကို တရားမျှတမှု ပေးဖို့ထက် သူတို့ရဲ့ အာဏာ- power ကို ပြပြီး လူထုကို ကြောက်စိတ်ထည့်ပြီး သူတို့ လက်အောက်အောင် ပိပြားနေအောင် ဖြစ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
အဲဒီအတွက် ခံရတဲ့သူတွေကို တရားမျှတမှုကို ရဖို့ – ပိုလုံခြုံ၊ မျှတ၊ အေးချမ်းတဲ့ လူ့အသိုင်းအဝန်း ဖော်ဆောင်ဖို့ – အဲဒီရာဇဝတ်မှုတွေကို ရှုံချပြီး -ပိုကောင်းတဲ့ ကာကွယ်ရေး အစီအမံတွေ ဖြစ်ထွန်းဖို့ တစ်စိုက်မတ်မတ်တောင်းဆိုကြရအောင်၊ တစ်ဖက်မှာလည်း သေဒဏ်ကိုလည်း အခုကတည်းက လက်မခံကြဖို့ လိုပါတယ် – သေဒဏ်က အဖြေ မဟုတ်ပါဘူး။ သေဒဏ်က တရားမျှတမှုလို့ လက်ခံရင်တောင် – သေဒဏ်ကြောင့် ကျွန်မတို့ တစ်ဖက်မှာ ကျွန်မတို့ လူ့ဘောင်မှာ ဆုံးရှုံး၊ နစ်နာသွားရတာတွေရှိတဲ့အတွက် မတန်ဘူးလို့ ပြောပါရစေ၊ ပိုခိုင်မာ၊ ပိုကြီးတဲ့ တရားမျှတမှု လူ့ဘောင်ကို ရှာကြရမှာ သွားကြရမှာဖြစ်ပါတယ်။
ရေးသားသူ – မဝေဖြိုးမြင့်
(မဝေဖြိုးမြင့်သည် ဒီဂျစ်တယ် လူ့အခွင့်အရေးနဲ့ မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်ပြီး သေဒဏ်ပေးမှုကို ဆန့်ကျင်သူ တဦးဖြစ်သည်။)