ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နဲ့ နမ္မတူမြို့နယ်ကို ဆက်စပ်ထားတဲ့ မိုးတေတံတား မိုင်းခွဲဖျက်ဆီး ခံရတယ်လို့ SSPP Info ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ခရိုင်အမှတ်(၈) မြို့နယ်အမှတ်(၁၈) သီပေါမြို့နယ် နဲ့ နမ္မတူမြို့နယ်ကို ဆက်စပ် ထားတဲ့ နမ္မတူချောင်းပေါ်က မိုးတေတံတားဟာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီကျော် အချိန်က မိုင်းခွဲဖျက်ဆီးခံရပြီး တံတားရဲ့ အလယ်နေရာကျိုးကျပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်််မ အဲ့ဒီနေရာကို ဖြတ်သန်းသွားလာရေးအတွက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် ဖွဲ့(TNLA) က စက်လှေနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်က သီပေါမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကော်မရှင်တပ်တွေက သီပေါကို ပြန်လည်ထိန်းချုပ်ထားပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် ဖွဲ့(TNLA) ကတော့ သီပေါကနေ ဆုတ်ခွာသွားပြီလို့ ဒေသခံတွေထံက သိရပါတယ်။
မိုးတေ တံတားဟာ အောက်တိုဘာ ၈ ရက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယခုမှသာ အမှန်တကယ် ဖျက်ဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။


