၁၅ မတ်လ ၂၀၂၆ | New Day Myanmar
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်း ဗထူးတော်လှန်ရေးတပ်ဖွဲ့ကို ကော်သူးလေတပ်မတော် (KTLA) ဘက်က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်–ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
၁၄ မတ်လ ၂၀၂၆ နေ့လယ် ၃ နာရီခန့်မှာ သရက်ချောင်းမြို့နယ် ဘန်းချောင်းကျေးရွာအုပ်စုအတွင်း သမီးပေါ်သောနဲ့ ကနဲဃောကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ဗထူးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်အရ ထိုင်း–မြန်မာနယ်စပ် မောတောင်စစ်ဆင်ရေးကနေ ပြန်လာတဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ဟာ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးခဲ့သလို ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပျောက်ဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို နောက်ပိုင်း ပြန်လည်တွေ့ရှိချိန်မှာ သတ်ဖြတ်ခံထားရတာကို တွေ့ရတယ်လို့ KNU က ဆိုပါတယ်။
KNU ကတော့ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ရဲ့ လုပ်ရပ်တွေဟာ တနေ့တခြား ဆိုးရွားလာပြီး စစ်ကော်မရှင်ရဲ့ လက်အောက်ခံတပ်ဖွဲ့တစ်ခုလို တော်လှန်ရေးတပ်တွေကို ရန်သူအဖြစ် သတ်မှတ်ကာ မကြာခဏ တိုက်ခိုက်နေတယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၃ ရက်နေ့ကလည်း ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNU ရဲ့ နယ်စပ်ဂိတ်စခန်းတစ်ခုကို KTLA ဘက်က တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ဆိုပါတယ်။
ဒါ့အပြင် မတ်လအစောပိုင်းကလည်း သရက်ချောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ KNU တပ်ဖွဲ့ဝင်တစ်ဦးနဲ့ မြို့နယ်လုပ်သားတစ်ဦးကို KTLA ဘက်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး KNU တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်မှုတစ်ခုအတွင်း တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကော်သူးလေတပ်မတော် (KTLA) ကို KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက KNU ကနေ ခွဲထွက်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။


