Homeပြည်တွင်းသတင်းဝါးတစ်ရာစက်မှုဇုန်မှာ စက်ရုံလုပ်သားအမျိုးသမီးတစ်ဦးကို ပိုင်ရှင်တရုတ်နိုင်ငံသားက ရဲခေါ်ဖမ်းခိုင်း၊ ပုဒ်မ ၄ ခု နဲ့ အမှုဖွင့်ခံရ

ဝါးတစ်ရာစက်မှုဇုန်မှာ စက်ရုံလုပ်သားအမျိုးသမီးတစ်ဦးကို ပိုင်ရှင်တရုတ်နိုင်ငံသားက ရဲခေါ်ဖမ်းခိုင်း၊ ပုဒ်မ ၄ ခု နဲ့ အမှုဖွင့်ခံရ

၁၃ မတ် ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံ၊ သိမ်ကျောင်းလမ်း၊ အ မှတ် ၄၉ မှာဖွင့်လှစ်ထားတဲ့ SANYAN OUTDOOR Co,. Ltd စက်ရုံပိုင်ရှင်တရုတ်နိုင်ငံသားဟာ စက်ရုံလုပ်သားအမျိုးသ မီးတစ်ဦးကို ရဲခေါ်ဖမ်းခိုင်းပြီး ရဲက ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်တာခံထားရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ STUM ဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အလုပ်သမားအမျိုးသမီးဟာ စက်ရုံမှာ စူပါရာထူးနဲ့ အလုပ်လုပ် ကိုင်နေတဲ့ မပပဝင်းဆိုသူဖြစ်ပြီး၊ မတ်လ ၃ ရက်နေ့မှာ ဖမ်းဆီးအမှုဖွင့်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

သူမကို ပ-၉၃/၂၀၂၆ နဲ့ အမှုဖွင့်လှစ်ကာ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) ၊ ပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆို​​မှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) ၊ ပုဒ်မ ၁၅၃( ဆူပူမှုဖြစ်ပွားစေရန်ပြုလုပ်မှု)တွေနဲ့ အမှုဖွင့်လှစ်ခဲ့ထားရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ မတ်လ ၃ ရက်နေ့က မပပ ဝင်း လုပ်ငန်းခွင်ကိုဝင်ရောက်စဥ်မှာ စက် ရုံမှူးဆိုသူ တရုတ်အမျိုးသမီးက မဝင်ရန်တားမြစ်ခဲသလို စက်ရုံထဲက‌နေဆွဲထုတ်တာ၊ လက်မောင်းကို ရိုက်နှက်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ နှစ်ဘက်စကားအချေတင်များခဲ့ကြပြီး မပပဝင်းက သူမတာဝန်ကျတဲ့ သတ်မှတ်နေရာမှာ ဝင်ရောက်နေခဲ့ရာ လုပ်ငန်းရှင်ဘက်က ဓာတ်ပုံလာရောက်ရိုက်ယူတာပြုလုပ်ခဲ့ပြီးနောက် မနက် ၈ နာရီခန့်မှာ မန်နေဂျာဆိုသူက အလုပ်ကနေ ထုတ်ပယ်တယ်လို့ လာရောက်ပြော ဆိုခဲ့ရာ မပပဝင်းဘက်က ဥပဒေနဲ့မညီ ညွတ်တဲ့ အလုပ်ထုတ်ပယ်တာဖြစ်တာကြောင့် လက်မခံနိုင်ကြောင်းပြောကာ စက်ရုံအတွင်း ဆက်လက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

မွန်းလွဲ ၁ နာရီအချိန်ခန့်မှာ စက်ရုံမန်နေ ဂျာရုံးခန်းအတွင်းကိုခေါ်တာကြောင့် သွားရောက်ခဲ့ရာမှာ ရုံးခန်းအတွင်း အ မျိုးသမီး ရဲမေနှစ်ဦးနဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပြီး မိမိအား အဘယ့်ကြောင့်ခေါ်ယူသည်ကိုမေးမြန်းရာ အပွင့်ပါသည့်ရဲမေက ခုံကိုထုပြီး “ငါဘာကောင်မလဲ နင်ကြည့်လိုက်” ဟုဆိုကာ ပုခုံးကို ပုတ်ပြခဲ့တယ်လို့ သိရပါတယ်။

မပပဝင်းဘက်က ဖမ်းဝရမ်းပါသလားဟု ထပ်မံ မေးမြန်းခဲ့ရာ ပါကြောင်းနဲ့ ထုတ်ပြရမလားလို့ ပြောပေမယ့် ဖမ်းဝရမ်းကို ထုတ်ပြခြင်းမရှိဘဲ ပိုင်နက်ကျူးလွန်တဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ဆိုကာ လှော်ကားရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်အတွက် STUM ဘက်က ကူညီဆောင်ရွက်ပေးနေပြီး အလုပ်သမားရဲ့ ရသင့်ရထိုက်တဲ့ဥပဒေအကာကွယ်တွေပြန် လည် ရရှိဖို့အတွက် လိုအပ်တဲ့အကူအညီတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ် လို့အသိပေးထားပါတယ်။

အဲ့ဒီစက်ရုံဟာ လုပ်ခလစာနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်တာတွေရှိနေသလို၊ လက်ရှိအ ချိန်အထိ စက်ရုံပိုင်ရှင်ဖြစ်သူနဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းမှု အဆင်မပြေသေးဘူးလို့ ရွှေပြည်သာ အလုပ် သမားများ သမဂ္ဂဆီကနေ သိရပါတယ်။

ဓာတ်ပုံ-ရွှေပြည်သာ အလုပ်သမားများ သမဂ္ဂ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး