၁၈ မတ်လ ၂၀၂၆ ၊ New Day Myanmar
ဒီကနေ့ မတ်လ ၁၈ ရက်ကစလို့ လျှပ်စစ်မီးတွေကို မတ်လကနေ ဇွန်လအထိ ၄ လကြာအချိန်ပိုင်းနဲ့ ဖြန့်ဖြူးပေးသွားတော့မယ်လို့ စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ကြေညာချက်အရ သိရပါတယ်။
ပူပြင်းတဲ့ရာသီကိုရောက်ရှိလာတာကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာသလို အဲဒီအတွက် ထိန်းညှိတာတွေပြုလုပ်နိုင်ဖို့နဲ့ ဓာတ်အားထုတ်လုပ်နိုင်မှုကိုချိန်ညှိပြီး အချို့နေရာ၊အချိန်တွေမှာ ဝန်အားမျှတခွဲဝေဖြန့်ဖြူးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် သဘာဝဓာတ်ငွေ့ရည် LNG က ပို့လွှတ်တဲ့လိုင်းတွေကိုတော့ စဥ်ဆက်မပြန်ဆက်လက် ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒီကနေ့ မတ်လ ၁၈ ရက်နေ့ မွန်းလွှဲပိုင်းအချိန်အထိ အချို့မြို့နယ်တွေမှာ လျှပ် စစ်မီးတောက်လျှောက်လာနေတာတွေရှိနေသေးတယ်လို့ မင်္လာတောင်ညွှန့်မြို့နယ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“အခုထိတော့ မီးမပြတ်သေးဘူး၊ ဘယ်အချိန်ပြတ်မလဲဘဲ စောင့်ကြည့်နေရတာ။ သူတို့ပြောသလို့ပြတ်ရင်တော့ အရင်လိုမီးစက်နိုးဖို့တောင် စက်သုံးဆီက ခြွေတာမှရမယ်။ နွေရာသီမီးပြတ်တာ ဒီကောင်တွေလက်ထက်မှ ဖြစ်တော့တာလေ။ အရင် အရပ်သားအစိုးရလက်ထက်က လာလွန်းလို့ မီတာတက်မှာစိုးလို့တောင် ပိတ်ထားရတာ”လို့ မှတ်ချက်ပြုပြောပါတယ်။
ရန်ကုန်နေပြည်သူအချို့ကတော့ စက်သုံးဆီရှားပါးနေသလို ဈေးမြင့်တက်လာတာကြောင့် မီးစက်အသုံးပြုဖို့ အဆင်မပြေနိုင်ဘူးလို့ ခန့်မှန်းထားကြပြီး တပိုင်တနိုင်အသုံးပြုဖို့ Solor စက်တွေကို ဝယ်ယူဖို့ ပြင်ဆင်လာကြတာ တွေ့ရပါတယ်။
တဖက်မှာလည်း စက်သုံးဆီတွေလိုသလိုမရရှိတာ၊ ဈေးမြင့်တက်လာတာတွေအပါ လျှပ်စစ်မီးတွေပါ ပုံမှန်မရခဲ့ရင် နေ့စဉ်လူနေမှုဘဝတွေနဲ့ သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ် လုပ်မှုတွေလျော့ကျလာပြီး ဈေးနှုန်းမြင့်တက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
“အခု ဧပြီ သင်္ကြန်ပြီးရင် ပိုသိသာလာလိမ့်မယ်ထင်တယ်။ အဓိက စက်သုံးဆီဈေးတွေကိုပြောတာ။ အတက်ပေါ့ဗျာ။ စက်သုံးဆီသာ ဒီထက်ပိုတက်လာရင် ကုန်ဈေးနှုန်းက အခုထက် နှစ်ဆ သုံးဆ တက်လာနိုင်တယ်”လို့ အသေးစားလုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားပါတယ်။


