Homeပြည်တွင်းသတင်းလူသားချင်းစာနာမှုအကူအညီတွေကို လက်နက်အဖြစ် မသုံးစေရေး လူထုလှုပ်ရှားမှု စတင်

လူသားချင်းစာနာမှုအကူအညီတွေကို လက်နက်အဖြစ် မသုံးစေရေး လူထုလှုပ်ရှားမှု စတင်

၃ ဇွန်၊ ၂၀၂၅

လူသားချင်းစာနာမှုအကူအညီတွေကို လက်နက်အဖြစ် မသုံးစေနဲ့ ဆိုတဲ့ လူထုလှုပ်ရှားမှုကို ဇွန်လအတွင်းပြုလုပ်သွားမယ်လို့ အဖွဲ့အစည်း ၅၀ ကျော်က ဒီနေ့ ဇွန်လ ၃ ရက်မှာ ကြေညာပါတယ်။

“STOP WoA” လို့အတိုကောက်ခေါ်တဲ့ ဒီလှုပ်ရှားမှုဟာ စစ်ကိုင်းငလျင်ကြီးပြီးနောက်နိုင်ငံတကာက ကူညီတဲ့ ကယ်ဆယ်ရေးအကူအညီတွေကို စစ်တပ်က မသင့်တော်တဲ့နည်းလမ်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေးအမြတ်အဖြစ် အသုံးချနေတာကို တားဆီးဖို့ ရည်ရွယ်ထားတာဖြစ်တယ်။

ဒီလှုပ်ရှားမှုကို အဖွဲ့အစည်း ၅၀ ကျော်က ပူးပေါင်းတက်ကြွစွာ ပါဝင်နေပြီး မြန်မာ့အရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို သတိပေးဖို့ ဖြစ်ပါတယ်။

ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေဟာ တကယ်ပဲ တိုက်ရိုက်ရောက်အောင်၊ စစ်တပ်ရဲ့ လက်နက်အဖြစ် မသုံးစေရေးအတွက် ယူအန်၊ အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုသွားမှာဖြစ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို ဇွန်လတလလုံးအထိ ပြုလုပ်သွားမယ်လို့ ကြေညာထားပြီး တော်လှန်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထု ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

သမိုင်းတလျောက်မှာ စစ်အုပ်စုဟာ လူသားချင်းစာနာမှုအကူအညီတွေကို လက်နက်သဖွယ်အဖြစ် အလွဲသုံးစားလုပ် အမြတ်ထုတ်တာကို စဉ်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့ လှုပ်ရှားမှုပြုလုပ်မယ့် အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း၊ ၂၀၂၃ ခုနှစ် မိုခါဆိုင်ကလုန်းနဲ့၂၀၂၄ ခုနှစ် ယာဂီတိုင်ဖွန်မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်တွေမှာ စစ်အုပ်စုဟာ နိုင်ငံရေးနဲ့ စစ်ရေးထိန်းချုပ်မှု အတွက် လူသားချင်း စာနာမှုအကူအညီတွေကို နှောင့်ယှက်တာ၊ ပိတ်ပင်တာနဲ့ လက်နက်သဖွယ်အသုံးတာတွေပြုလုပ်ခဲ့တယ်လို့ သူကပြောပါတယ်။

ယခုလည်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် အလားတူအခြေအနေတွေ ဖြစ်ပေါ်နေကြောင်း ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေ ထံက သိရပါတယ်။

“စကစ ဘက်က သန်းခေါင်စာရင်းနဲ့ဝေတယ် ကိုယ်တွေကတော့ မရဘူး။ ဘေးပတ်ဝန်းကျင်ကိုမေးတော့ ကိုယ့်မှာရှိတဲ့ သန်းခေါင်စာရင်းက ပုံစံ (၁၀) ဒီကဟာ မဟုတ်တဲ့အတွက် မရဘူးလို့ ပြောသံကြားတယ်။ ဆန်၊ မုန့်၊ ခေါက်ဆွဲခြောက်၊ အမျိုးသမီးသုံးပစ္စည်း၊ ဖုန်းဘေလ်  အရပ်ဘက်အဖွဲ့တွေက လာလှူတာတွေတော့ ရတယ်။”  စစ်ကိုင်းဒေသ ငလျင်ဘေးက လွတ်မြောက်လာသူတဦးကပြောပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးပြီးချိန်ကစလို့ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) နဲ့ နေပြည်တော်ဒေသတွေမှာ ငလျင်ကြောင့် အနည်းဆုံး ပြည်သူ ၄,၄၉၃ ဦး သေဆုံးပြီး ၁၁,၃၆၆  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  ရာပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။

မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီး လှုပ်သွားပြီးနောက်ပိုင်းကစလို့ မေလ ၃၀ ရက်အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် လုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄၆၂ ယောက် သေဆုံးပြီး၊ ၈၈၄ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ပုံစာ- ဥရောပသမဂ္ဂ၏ လူသားချင်းစာနာမှုအကူအညီ ၅၅ တန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီလ ၉ ရက်က ရောက်ရှိစဉ်။

ဓါတ်ပုံ – EU

ဆက်စပ် သတင်းများ

Most read