Homeပြည်တွင်းသတင်းလုပ်ခလစာ မတင်ပြနိုင်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ ရပ်နားဖွယ်ရှိ

လုပ်ခလစာ မတင်ပြနိုင်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ ရပ်နားဖွယ်ရှိ

၂၀ ဇန်နဝါရီ၊ ၂၀၂၅

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက်အလုပ်သမားတွေရဲ့ လုပ်ခလစာလွှဲပို့ထားတဲ့အထောက်အထားတွေကို တင်ပြဖို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို ဖိအားပေးနေတယ်လို့ ပြည်ပကို လုပ်သားစေလွှတ်နေတဲ့ အေဂျင်စီတွေက ပြောဆိုပါတယ်။

ဒီအေဂျင်စီတွေအနေနဲ့ လုပ်ခလစာတင်ပြပေးဖို့ အခက်အခဲတွေရှိနေသလို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ဖိအားပေးမှုတွေကြောင့် အေဂျင်စီလိုင်စင်ပြန်အပ်ပြီး လုပ်ငန်း ရပ်နားသွားမယ်လို့ ဆိုပါတယ်။

“အလုပ်သမားတွေရဲ့လုပ်ခလစာကို တင်ပြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အလုပ်သမားတွေကလည်း သူအဆင်ပြေတဲ့နေရာကနေလွှဲမှာဘဲ။ ပြီးတော့ ကိုယ်တွေက အလုပ်သမားဘဲလွှတ်ပေးတာ။ ဟိုရောက်ရင်သူတို့က အလုပ်တွေပြောင်းကြတာ။ အေဂျင်စီက ချိတ်ပေးတဲ့အလုပ်မှာ ဘယ်သူမှမလုပ်ကြဘူးလေ။ အဲဒီတော့ ဘယ်လိုက်ရှာရမလဲ။ လိုင်စင်ပြန်အပ်ပြီး လုပ်ငန်းကို ရပ်နားထားမယ်” လို့ ထိုင်းကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

မလေးရှားကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတစ်ခုကတော့ သူ့အနေနဲ့ အလုပ်ရှင်ဆီက တိုက်ရိုက် လစာဖြတ်စနစ်နဲ့ သက်ဆိုင်ရာဘဏ်ကနေ တစ်ဦးချင်းနာမည်နဲ့ လွှဲခိုင်းထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် သူက အေးဂျင့်စရိတ်တော့ အနည်းငယ်ပိုပြီး ယူထားရတယ်လို့ ပြောဆိုပါတယ်။

အခုလိုမျိုး လိုင်စင်ပြန်အပ်ဖို့ပြင်ဆင်နေတဲ့ အေဂျင်စီ ၁၀ ခုထက်မနည်းရှိနေတယ်လို့ သိရပါတယ်။ ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ ပြည်ပထွက်ခွင့် ပိတ်မယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်မှာ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွေကနေတစ်ဆင့် တစ်လတစ်ကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း၊ သို့မဟုတ် အများဆုံး သုံးလတစ်ကြိမ် သုံးလစာပေါင်း ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ လွှဲပေးရမှာဖြစ်ပါတယ်။

ပုံစာ – MOU စနစ်နဲ့ ထိုင်းကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားများ (ပုံဟောင်း)
ဓာတ်ပုံ – AAC

ဆက်စပ် သတင်းများ

Most read