၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအတိုင်း စာရင်းမကောက်ခံဘဲ ရွေးကောက်ပွဲအတွက် ကောက်ခံထားတဲ့ သန်ခေါင်းစာရင်းလူဦးရေကို အခြေခံပြီး ကောက်ခံမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ကောက်ခံခဲ့တယ့် သန်းခေါင်စာရင်းကိုအခြေခံပြီး စစ်မှုထမ်း စာရင်းဆင့်ခေါ်နေတာဖြစ်ပါတယ်။
ယင်းမှ ပြည်ပရောက်လူငယ်များကိုပါ ပြန်လည်ဆင့်ခေါ်သွားမည်ဖြစ်ပြီး ပြန်လာရန်ပျက်ကွက်ပါက ဖမ်းဝရမ်းထုတ်ခြင်း၊ပတ်စ်ပို့ဖျက်သိမ်းခြင်း၊အမည်ပျက်စာရင်းသွင်းခြင်းများပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
” ဒီနေ့စစ်မှုထမ်းဆင့်ခေါ်တာနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်တယ်။ ဟိုတစ်ခါသူတို့လိုက်ကောက်တဲ့ သန်းခေါင်စာရင်းအတိုင်းကောက်မယ်လို့ ပြောတယ်။ ပြည်ပရောက်နေတဲ့သူရှိရင်ပြန်ခေါ်ရမယ်ပေါ့။ မဲနှိုက်ပြီးရွေးမလား၊ ဒါမှမဟုတ် ပိုက်ဆံထည့်မလားဆိုတယ့်ပုံစံသွားမလားဆိုပြီး အုပ်ချုပ်ရေးမှူးကမေးတယ်။ ဘယ်သူကတော့ကိုယ့်သားသမီးကိုထည့်ချင်မလဲ။ ပိုက်ဆံပဲထည့်ရမှာပေါ့။ တစ်ယောက်ကိုတစ်သိန်းခွဲ သားနှစ်ယောက်ဆိုတော့ သုံးသိန်း အဲဒါလစဉ်ထည့်ရမှာ” ဟု သုံးခွမြို့တွင်နေထိုင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
လက်ရှိမှာလည်း စစ်သားလိုအပ်ချက်ရှိနေတဲ့စစ်ကောင်စီဟာ လူငယ်တွေကို ပစ်မှတ်ထားပြီး နေ့လည်ပါမချန် ပေါ်တာဆွဲနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ လူပျောက်စာရင်းကလည်း တစ်ရက်လျှင် ၁၀ ဦးထက်မနည်းရှိနေတာဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့စစ်မှုထမ်းရမည်ကို စိုးရိမ်စိတ်ဖြင့် ပြည်ပသို့ ထွက်ခွာသော်လည်း စစ်ကောင်စီအနေနဲ့ ပတ်စ်ပို့ပိတ်တာ၊ ပြည်ပထွက်ခွာခွင့် ရပ်ဆိုင်းတာတွေကို ပြုလုပ်လာတဲ့အတွက် တရားမဝင်နည်းလမ်းဖြင့် ပြည်ပထွက်ခွာနေရတယ်လို့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။