Homeပြည်တွင်းသတင်းရေဘေးကြောင့် ပြည်သူ ၃၆၀ဦးကျော်သေဆုံးခဲ့ပြီး အကူအညီပေးနိုင်ရေး ဒီထက်ပိုသွားလာခွင့်လိုအပ်တယ်လို့ UNOCHA က ထုတ်ပြန်

ရေဘေးကြောင့် ပြည်သူ ၃၆၀ဦးကျော်သေဆုံးခဲ့ပြီး အကူအညီပေးနိုင်ရေး ဒီထက်ပိုသွားလာခွင့်လိုအပ်တယ်လို့ UNOCHA က ထုတ်ပြန်

၃၀ စက်တင်ဘာ၊၂၀၂၄

မုန်တိုင်းကြောင့်ဖြစ်ပါ်လာတဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ အရပ်သား ၃၆၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ ၁၀၀ ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး UNOCHA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီးနောက် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်မှာ ရေကြီးရေလျှံမှု တွေဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ရက်အထိ ရေဘေးသင့် လူဦးရေ ၁ သန်းခန့် ရှိခဲ့တယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလို ရေကြီးရေလျှံခြင်းတွေကြောင့် နိုင်ငံရဲ့ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ရေလွှမ်းမိုးမှုကြောင့် နေရာအနှံ့ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး ကောက်ပဲသီးနှံ အများအပြား၊ လယ်မြေတွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေရေနစ်မြုပ်တာကြောင့် ရေဘေးသင့် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လိုအပ်မှုနဲ့အကူအညီပေးနိုင်မှုအကြား ကွာဟချက်များ အများအပြား ကျန်ရှိနေသေးပြီး မြင့်တက်လာသော လိုအပ်ချက်တွေနဲ့ လက်ရှိ ရှိနေတဲ့ အရင်းအမြစ်တွေမမျှတတော့ဘဲ ကနဦး ပြန်လည်ထူထောင်ရေး နဲ့ အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက် နိုင်ရေး အရေးကြီးတယ်လို့လည်း ပြောဆိုထားပါတယ်။

အကူအညီပေးရေး အဖွဲ့အစည်းတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ထပ်တိုးရန်ပုံငွေတွေနဲ့ ပိုမိုကျယ်ပြန်တဲ့ အတိုင်းအတာနဲ့ အကူအညီဖြန့်ဝေနိုင်ဖို့ ဝင်ရောက်သွားလာကူညီခွင့်တွေ ထပ်မံလိုအပ်လျက်ရှိတယ်လို့လည်း UNOCHA က ဆိုပါတယ်။

ရေဘေးသင့် ရပ်ရွာလူထုနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေမှ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ဖို့ ထပ်တိုး ရန်ပုံငွေရရှိရေးနဲ့ ဘေးဒဏ်သင့်ဒေသတွေကို အကန့်အသတ်မရှိ ဝင်ရောက် အကူအညီပေးနိုင်ရေး အရေးကြီးလျက်ရှိတယ်လို့ UNOCHA က ထုတ်ပြန်ပြောဆိုထားပါတယ်။

Photo – UNOCHA

ဆက်စပ် သတင်းများ

Most read