၁၃ မတ် ၂၀၂၆၊ New Day Myanmar
ရက်ပိုင်းအတွင်း စက်သုံးဆီဈေးမှာ
တစ်လီတာကို ကျပ် ၃၀၀ကျော် စျေးမြင့်တက်လာတာကိုတွေ့ရပါတယ်။
လွန်ခဲ့တဲ့ မတ်လ ၇ရက်က 92 Ron စက်သုံးဆီ တစ်လီတာကို ၂,၅၂၅ကျပ်ကနေ ဒီကနေ့ မတ်လ ၁၃ ရက်မှာ တစ်လီတာကို ၂,၈၃၀ကျပ် မြင့်တက်လာတာဖြစ်ပါတယ်။
“တစ်နေ့ကမှ တစ်လီတာကို ၂၆၀၀ကျော်ဘဲရှိတာ ဒီနေ့ ၂၈၀၀ကျော်ဆိုတော့ တစ်ရက်ကို ၁၀၀ ကျော် ၂၀၀နီးပါးတက်နေတယ်။ ဆက်တက်ဖို့ဘဲ ရှိမယ်ထင်တယ်။ အချို့ဆိုင်တွေဆို 95 မရတော့ဘူး။နောက်ပိုင်း ကုန်ဈေးနှုန်းပါ ဒီထက်တက်လာရင်တော့ ဒုက္ခဘဲ’လို့ ရန်ကုန်နေ ပြည်သူတစ်ဦးက ငြီးတွားပြောဆိုပါတယ်။
ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ 92Ron တစ်လီတာ ၂,၈၃၀ကျပ်၊ 95Ron တစ်လီတာ ၂,၉၃၀ကျပ်၊ ပရီမီယံဒီဇယ်-500 တစ်လီတာ ၃,၂၀၅ ကျပ်၊ ပရီမီယံဒီဇယ်- 50 တစ်လီတာ ၃,၅၆၀ ကျပ်၊ ပရီမီယံဒီဇယ်- 10 တစ်လီတာ ၃,၅၆၀ကျပ်အထိ တရိပ်ရိပ် မြင့်တက်လာတာဖြစ်ပါတယ်။
မနေ့က မတ်လ ၁၂ ရက်ကစပြီး ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ယာဉ် Wheel Tax မှာပါရှိတဲ့ Barcode နဲ့ စက်သုံးဆီရောင်းချပေးတဲ့အစီအစဉ်ကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီစနစ်ကျင့်သုံးလာတာကြောင့် အငှားယာဉ် ဈေးနှုန်းတွေမြင့်တက်လာပြီး ၊အများစုကတော့ YBS ယာဉ်ကိုဘဲ အသုံး ပြုစီးနင်းသွားလာနေကြတာတွေ့ရပါတယ်။
အဲဒီအစီအစဉ်အတွက် မတ် လ ၁၁ရက် ရက်စွဲနဲ့ ထုတ်ပြန်အသိပေးထားတာဖြစ်ပြီး၊ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်တွေအတွက် Wheel Tax ရဲ့ Barcode နဲ့ မော်တော်ဆိုင်ကယ်တွေအတွက် Wheel Tax ပါအချက်အလက်တွေကိုအသုံးပြုပြီး QR Code ထုတ်ပေးပြီး Application နဲ့ အလိုအလျောက်စစ်ဆေးတဲ့နည်းလမ်းနဲ့ စိစစ်ရောင်းချပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


