Homeပြည်တွင်းသတင်းမြန်မာ့အကျပ်အတည်းကို ရွေးကောက်ပွဲတစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာ့အကျပ်အတည်းကို ရွေးကောက်ပွဲတစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

၂၆ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ရွေးကောက်ပွဲ ကျင်းပရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပေါ်ပေါက်လာဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က Geneva မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး ဆွေးနွေးတွေ့ဆုံခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ မြန်မာ့အရေးကို အဓိက အကြောင်းအရာတစ်ရပ်အဖြစ် ဆွေးနွေးခဲ့ကြောင်းကိုလည်း ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

အဆိုပါမှတ်ချက်မထုတ်ပြန်ခင် ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့ Phuket မြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံမှုအပြီးမှာ ပြင်သစ်ဘက်က ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေးအပေါ် အမြင်ကို မေးမြန်းခဲ့ရာကနေ “ရွေးကောက်ပွဲတစ်ခုတည်းနဲ့ မလုံလောက်သေးဘူး” ဆိုတဲ့ သဘောထားကို ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာဟာ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေဟာ ထိုင်းပိုင်နက်အတွင်းကို တိုက်ရိုက် သက်ရောက်နိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့သာမက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှောင်လွှဲလို့ မရဘူးလို့ ဆိုပါတယ်။

နယ်စပ်ဒေသတွေမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေ၊ နယ်စပ်ဖြတ်ကျော် မြစ်ချောင်းညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အခြေအနေကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားကြောင်း ပြောကြားခဲ့သလို မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အာဆီယံ ဘုံသဘောတူညီချက်ကို လျစ်လျူရှုတာ မဟုတ်ဘူးလို့လည်း ငြင်းဆိုခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်အပေါ် အခြေခံပြီး မြန်မာနိုင်ငံကို ဆက်လက်ချဉ်းကပ် ဆောင်ရွက်သွားမယ်လို့ ဆိုပေမယ့် တိုးတက်မှုတွေ မြင်ရဖို့ကတော့ ပါဝင်ပတ်သက်သူ အားလုံးရဲ့ သဘောထားနဲ့ လုပ်ရပ်အပေါ် မူတည်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဲဒီထုတ်ဖော်ပြောကြားချက်မတိုင်ခင် တစ်ရက်အလိုမှာပဲ မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကို ကြီးမားတဲ့ ကန့်ကွက်မှု မရှိတာကြောင့် “အောင်မြင်တဲ့ ရွေးကောက်ပွဲ” ဖြစ်တယ်လို့ မြန်မာစစ်ခေါင်းဆောင်ဘက်က ပြောဆိုထားပါတယ်။

#မြန်မာ့အရေး

#ရွေးကောက်ပွဲ

#တွေ့ဆုံဆွေးနွေးရေး

#ထိုင်းနိုင်ငံခြားရေးဝန်ကြီး

#အာဆီယံ

#ဒေသတွင်းတည်ငြိမ်ရေး

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး