၁၄ မတ်လ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကြောင့် အမျိုးသမီး ၁၀ သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေကို အရေးပေါ်လိုအပ်နေတဲ့ အခြေအနေရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အမျိုးသမီးအခြေအနေဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေကို တင်ပြရင်း သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သံအမတ်ကြီးရဲ့ အဆိုအရ အာဏာသိမ်းပြီးနောက် မြန်မာအမျိုးသမီးတွေအပေါ် စနစ်တကျကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ပိုမိုများပြားလာနေပြီး အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ ပိုမိုစိုးရိမ်စရာ အခြေအနေကို ရောက်ရှိလာနေပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူတွေဟာ လုံခြုံရေးအန္တရာယ်ကြီးမားတဲ့ အခြေအနေကို ကြုံတွေ့နေရပြီး အဲဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ဖြစ်တယ်လို့လည်း ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။
ထို့အပြင် စစ်ကော်မရှင်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့် အမျိုးသမီးတွေဟာ အန္တရာယ်ကြီးမားတဲ့ အခြေအနေတွေထဲ တွန်းပို့ခံနေရသလို မိန်းကလေးငယ်တွေ အပါအဝင် အမျိုးသမီးများ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေ ပိုမိုများပြားလာနေတယ်လို့လည်း သူက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် စစ်ကော်မရှင်ဆီကို ရောက်ရှိနေတဲ့ စစ်လက်နက်တွေ၊ လေယာဉ်ဆီတွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အမြန်ဆုံး ဖြတ်တောက်ပေးဖို့ လိုအပ်တယ်လို့လည်း သံအမတ်ကြီးက တောင်းဆိုထားပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ဖို့အတွက် စစ်ကော်မရှင်အပေါ် ထိရောက်တဲ့ နိုင်ငံတကာ အရေးယူမှုတွေကို အချိန်မီ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းနဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း ပိုမိုပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။


