၁၂ ဖေဖော်ဝါရီ၊ ၂၀၂၅
၂၀၂၄ ခုနှစ်အတွက် ဂျာမနီနိုင်ငံအခြေစိုက် Transparency International အဖွဲ့က ထုတ်ပြန်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ ညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၆၈ ရပြီး ကမ္ဘာ့အဂတိလိုက်စားမှုအများဆုံးအဆင့်၁၂ ဖြစ်နေပါတယ်။
ဒီညွှန်းကိန်းကို လာဘ်ပေးလာဘ်ယူမှု၊ ပြည်သူ့ဘဏ္ဍာငွေ လွှဲပြောင်းမှု၊ အစိုးရအာဏာပိုင်တွေအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေမှာ အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်မှု၊ အဂတိလိုက်စားမှုဖြစ်စေတဲ့ ကြိုးနီစနစ်စတာတွေနဲ့ နိုင်ငံပေါင်း ၁၈၀ကို တိုင်းတာတာဖြစ်ပြီး မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ ရမှတ် ၁၆ မှတ် ရနေတာဖြစ်ပါတယ်။
ညွှန်းကိန်းမှာ ဖော်ပြထားတဲ့ တိုးတက်မှုအရ မြန်မာနိုင်ငံဟာ အရပ်သားအစိုးရအုပ်ချုပ်ခဲ့တဲ့ ကာလတွေအတွင်း အဂတိလိုက်စားမှုလျော့နည်းခဲ့ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းလာတာကို တွေ့ရပါတယ်။
ကမ္ဘာ့အဂတိလိုက်စားမှုအနည်းဆုံး ထိပ်ဆုံး ဆယ်နိုင်ငံမှာ ဒိန်းမတ်၊ ဖင်လန်၊ စင်ကာပူ၊ နယူးဇီလန်၊ လူဇင်ဘတ်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ နယ်သာလန်၊ ဩစတြေးလျ၊ အိုက်စလန်နဲ့ အိုင်ယာလန်တို့ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု အဆိုးဝါးဆုံး အောက်ဆုံးနိုင်ငံတွေက မြန်မာနိုင်ငံနဲ့အတူ မြောက်ကိုရီးယား၊ ဆူဒန်၊ နီဂရာဂွါး၊ အီကွေတိုရီရယ် ဂီနီယာ၊ အီရီထရီးယား၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဗင်နီဇွဲလား၊ ဆိုမာလီယာနဲ့ တောင်ဆူဒန်နိုင်ငံတို့ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ စင်ကာပူက ကမ္ဘာ့အဆင့်တတိယနေရာနဲ့ အာရှအဆင့်တတိယဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ရမှတ် ၄၃ မှတ်နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၇၆ နေရာနဲ့ ထိုင်းနိုင်ငံကတော့ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၁၀၇ နေရာမှာ ရပ်တည်နေပါတယ်။
ဓာတ်ပုံ – Transparency.org