၁၇ မတ်လ ၂၀၂၆ | New Day Myanmar
စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ စစ်ဝတ်စုံချွတ်ပြီး အရပ်သားပုံစံ ပြောင်းကာ မိမိကိုယ်ကို သမ္မတတင်မြှောက်ဖို့ ကြိုးစားနေပေမယ့် နိုင်ငံတကာကို လှည့်စားလို့မရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က သတိပေးလိုက်ပါတယ်။
နေပြည်တော်မှာ ၁၆ မတ်နေ့က စစ်ကော်မရှင်ခေါ်ယူတဲ့ လွှတ်တော်အစည်းအဝေးအပြီး SAC-M က ထုတ်ပြန်ချက်ထုတ်ပြီး အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ SAC-M ဘက်ကတော့ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်စနစ်ကို အရပ်သားပုံစံနဲ့ ပြန်လည်ထုပ်ပိုးပြသတဲ့ ဟန်ပြနိုင်ငံရေးပြောင်းလဲမှုသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
SAC-M အဖွဲ့ဝင် ယန်ဟီးလီက မင်းအောင်လှိုင်ဟာ သမ္မတနေရာယူဖို့အတွက် ပြည်သူသောင်းနဲ့ချီ သေဆုံးအောင်လုပ်ခဲ့သူဖြစ်ပြီး ရာထူးနာမည်သစ်၊ ဝတ်စုံအသစ်နဲ့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖျောက်ဖျက်လို့ မရဘူးလို့ ပြောပါတယ်။
စစ်ကော်မရှင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ဖွဲ့စည်းမှုတွေဟာ တရားဝင်မှု မရှိဘူးလို့လည်း SAC-M က ဆိုပါတယ်။ ၁၆ မတ်နေ့ စတင်တဲ့ လွှတ်တော်မှာ စစ်တပ်ထောက်ခံတဲ့ USDP က အများစုကို ထိန်းထားပြီး စစ်တပ်ခန့်အပ်အမတ် ၂၅ ရာခိုင်နှုန်းလည်း ပါဝင်နေပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် မောင်မောင်အုန်း ရွေးချယ်ခံထားရပါတယ်။
SAC-M အဖွဲ့ဝင် Marzuki Darusman ကလည်း ဒီလို ဟန်ပြလွှတ်တော်နဲ့ ရုပ်သေးအစိုးရကို အာဆီယံအနေနဲ့ လက်ခံမယ်ဆိုရင် အာဆီယံရဲ့ ဂုဏ်သိက္ခာနဲ့ ဗဟိုချက်ကျမှုကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
SAC-M က နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကော်မရှင်ရဲ့ ရုပ်သေးအစိုးရကို အသိအမှတ်မပြုဘဲ လက်နက်၊ ငွေကြေးနဲ့ လေယာဉ်ဆီ စီးဆင်းမှုတွေကို ပိုမိုဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။ တစ်ဖက်မှာလည်း NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေလို ပြည်သူဘက်က အင်အားစုတွေကို ပိုမိုပံ့ပိုးဖို့ တောင်းဆိုထားပါတယ်။


