၁၁ မတ်လ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ်တိုက်နယ် ကျေးရွာအုပ်စု (၅) မှာ တရားမဝင် စက်သုံးဆီ သိုလှောင်ထားတဲ့ နေရာတစ်ခုကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပြီး ဒီဇယ်ဆီ ၁၀,၈၀၀ လီတာ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်မှာ မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူး ကန်ဖုန်း ဖိဖတ်မွန်တရီကူး နဲ့ ဒုခရိုင်အုပ်ချုပ်ရေးမှူး အာထဝုဒ် ချန်ဂျရွန်တို့ ဦးဆောင်ပြီး အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းကာ စီးနင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးမှာ မဲဆောက်ခရိုင် စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့ (OS 3)၊ နယ်မြေခံစစ်တပ်၊ မဲဆောက်ရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP 346) နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
စစ်ဆေးရာမှာ ၂၀၀ လီတာဆံ့ ဆီဗုံး ၄၆ လုံး၊ ၁,၀၀၀ လီတာဆံ့ ဆီကန် ၂ ကန်ကို တွေ့ရှိခဲ့ပြီး စုစုပေါင်း ဒီဇယ်ဆီ ၁၀,၈၀၀ လီတာ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၁၆,၀၀၀ လီတာဆံ့ ဆီတင်ယာဉ်တစ်စီးကိုလည်း တွေ့ရှိခဲ့ပြီး အဆိုပါ ဆီတွေကို နယ်စပ်ဖြတ်ကျော် မှောင်ခိုထုတ်ဖို့ ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သုံးသပ်ထားပါတယ်။
အဆိုပါနေရာဟာ သာမန်သိုလှောင်ရုံ မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ဆီမှောင်ခိုကူးမှုအတွက် အသုံးပြုနေတဲ့ အချက်အချာနေရာတစ်ခု ဖြစ်နိုင်တယ်လို့လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ယူဆထားပါတယ်။
လက်ရှိမှာ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကို သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတစ်လျှောက် တရားမဝင် စက်သုံးဆီမှောင်ခိုကူးမှုတွေကို တင်းကျပ်စွာ စစ်ဆေးနှိမ်နင်းသွားမယ်လို့ ပြောထားပါတယ်။
ဓါတ်ပုံ – กิตติศักดิ์ บุญจันทร์


