၁၆ ဖေဖော်ဝါရီ ၂၀၂၆
ပြည်တွင်းပြည်ပ မီဒီယာတွေဟာ နည်းမျိုးစုံ အသုံးပြုပြီး လုပ်ကြံဝါဒဖြန့်ဝေနေတယ်လို့ စစ်ကော်မရှင် ဝန်ကြီးချုပ်ညိုစော က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒီလို ပြောဆိုမှုကို မနေ့က ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ဝန်ကြီချပ်ညိုစောက နိုင်ငံအပေါ် ဆန့်ကျင်ဘက် ပြည်တွင်းပြည်ပ မီဒီယာတွေက လုပ်ကြံဝါဒဖြန့်ခြင်း၊ သတင်းတုသတင်းမှားတွေ ဖြန့်ချိနေတဲ့ အချိန်မှာ ပြည်တွင်းမီဒီယာတွေ အနေနဲ့ မီဒီယာစွမ်းအားကို အသုံးပြုပြီး အဲ့ဒီလုပ်ရပ်တွေကို ပြန်လည်ချေဖျက်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
“နိုင်ငံတော်ကို ပြိုကွဲအောင် လုပ်ကြံဝါဒဖြန့်နေတဲ့ ဆန့်ကျင်ဘက် မီဒီယာတွေ ရှိနေချိန်မှာ မီဒီယာကဏ္ဍကလည်း လုပ်ကြံဝါဒဖြန့်တာ၊ သတင်းတုသတင်းမှားတွေကို မီဒီယာစွမ်းအားနဲ့ ပြန်ပြီးချေဖျက်ရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ အခြေအနေမှာ စာဖတ်သူ ပြည်သူတွေက ဘယ်မီဒီယာတွေကို ယုံကြည်ပြီး ဖတ်ရှုနေလဲဆိုတာကို စစ်ကော်မရှင်ဘက်က နားလည်သဘောပေါက်မှု မရှိသေးသလို မြင်ရတယ်လို့ အမည်မဖော်လိုတဲ့ သတင်းသမားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“မြေပြင်သတင်းအချက်အလက်အမှန်တွေကို ရယူနေတဲ့ သတင်းထောက်တွေ၊ CJ တွေ တော်လှန်ရေးနယ်မြေတွေမှာ အများကြီး ရှိပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတာ၊ ရွာမီးရှို့ခံရတာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေကို လူထုက ကိုယ်တိုင်မြင်နေရပါတယ်။ သတင်းထောက် မရောက်နိုင်တဲ့နေရာတွေမှာတောင် CJ တွေက အချက်အလက်တွေ ပေးပို့နေတာ အလကားမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
ထိုသတင်းသမားက စစ်အစိုးရလက်ထက် အဆက်ဆက်မှာ “မီဒီယာကို မီဒီယာချင်း တိုက်ခိုက်ခြင်း” ဆိုတာ ရှိခဲ့ပြီးသားဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ စာဖတ်သူပြည်သူတွေက ဘယ်သတင်းတွေကို ယုံကြည်နေကြလဲဆိုတာကို အာဏာပိုင်တွေကိုယ်တိုင် သိနေကြတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဓာတ်ပုံ – MOI


