၂၉ ဇန်နဝါရီ ၊ ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အသည်းနှလုံးလို့ တင်စားခေါ်ဝေါ်တဲ့ စစ်တက္ကသိုလ် DSA နဲ့ စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA ကျောင်းကို နေပြည်တော်ကို ပြောင်း ရွှေ့ဖွင့်လှစ်မှာဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
စစ်တက္ကသိုလ်တက်ရောက်နေတဲ့ အရာရှိလောင်းတွေရဲ့လုံခြုံရေးကို စိတ်မချတဲ့အတွက် ပြောင်းရွှေ့ တာဖြစ်တယ်လို့ သိရပြီး ယခုနှစ်အတွင်း အပြီးပြောင်းရွှေ့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
” ဟိုတခေါက်စစ်တက္ကသိုလ်တိုက်ခိုက်ခံရပြီးကတည်းက ရွှေ့ဖို့လုပ်နေတာ။ အဲဒီတုန်းက အရာရှိလောင်း တွေရော၊ စာသင်တဲ့အရာရှိတွေရောသေကြတယ်။ တရားဝင်တော့သတင်းမထုတ်ပြန်ထားဘူး။ အဲဒါကြောင့် ရွှေ့ဖို့လုပ်နေတာ” လို့ ဗိုလ်မှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူ စစ်ကောင်စီအရာရှိဟောင်းတစ်ဦးက New Day Myanmar သတင်းဌာနကိုပြောပါတယ်။
ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဧပြီလ ၁၄ ရက်ညပိုင်းက ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရပြီး အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေးဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဟာ စစ်ပညာ နဲ့ တက္ကသိုလ်ပညာအား ပူးတွဲသင်ကြားပေးနေတာပြီး နာမည်ကျော် တပ်မှူးတွေနဲ့ မီလီယံနာ သူဌေးတွေ မွေးထုတ်ပေးရာစစ်ကျောင်းတခုဖြစ်သလို အဆိုပါကျောင်းကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဗထူးမြို့မှာ စစ်တက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၅၇ ဇွန်လ ၁ ရက်နေ့မှာ ပြင်ဦးလွင်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။
Photo – cincds