Homeပြည်တွင်းသတင်းပုလောမြို့နယ်မှာ ဘုရားကျောင်းစာသင်နေချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၇ ဦးအပါအဝင် ၁၁ ဦး သေဆုံး

ပုလောမြို့နယ်မှာ ဘုရားကျောင်းစာသင်နေချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၇ ဦးအပါအဝင် ၁၁ ဦး သေဆုံး

၁၁ မတ်လ ၂၀၂၆ | New Day Myanmar

ကရင်ပြည်နယ်၊ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ မြိတ်–ထားဝယ်ခရိုင် ပုလောမြို့နယ် တဖီလေးခိုကျေးရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ ကျောင်းသား/သူတွေ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်း တက်ရောက်နေချိန် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၇ ဦးအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ် အသုံးပြုပြီး ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တဖီလေးခိုကျောင်းသား ၅ ဦး၊ ထီးနီးဖောထာကျောင်းသား ၁ ဦးနဲ့ စီပရက်ကျောင်းသား ၁ ဦး စုစုပေါင်း ကျောင်းသား ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူ ၄ ဦးလည်း သေဆုံးခဲ့ပြီး ကျောင်းသား/သူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသား/သူတွေကတော့ နော်ဘာဆိုဂေ (၂ တန်း)၊ နော်ရှီးယို (၅ တန်း)၊ နော်မူးပလော (၄ တန်း)၊ စောဆာဟေဘလုစိုး (၂ တန်း)၊ နော်စေးထူး (၅ တန်း)၊ နော်ဘလယ် နဲ့ စောထူးကိုလို တို့ ဖြစ်ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသား/သူတွေကတော့ စောအယ်ဒိုဒို (၁ တန်း)၊ စောနေသာ့မီး (၅ တန်း)၊ စောမူပလီထူး (၆ တန်း) နဲ့ နော်ဝင်းဘယ်ထူး (၈ တန်း) တို့ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တဖီလေးခိုကျေးရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၇ မိနစ်ခန့်မှာ လယ်မူလားမြို့နယ် တကူကျေးရွာအတွင်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ ၃ ဦးက ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး အရပ်သားနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာပြင်းထန်သူ ၃ ဦးကို ထိုင်းနိုင်ငံမှာရှိတဲ့ ဆေးရုံတွေမှာ ဆေးကုသနိုင်ဖို့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး မြိတ်–ထားဝယ်ခရိုင် တာဝန်ရှိသူတွေက စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

#ပုလော

#လေကြောင်းတိုက်ခိုက်မှု

#ကရင်ပြည်နယ်

#စစ်ကော်မရှင်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး