၁၄ ဇွန်၊ ၂၀၂၄
ဇွန်လ ၁၂ ရက်က စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဘဏ်များနဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန် ဆောင်မှု လုပ်ငန်းများအနေနဲ့ ဝန်ကြီးဌာနနဲ့ အများပြည်သူတွေကို ဒီဂျစ်တယ် ငွေပေးချေမှုများကို အသုံးပြုကြတဲ့အခါ ပမာဏကြီးမားသော ငွေပေးချေမှုတွေအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သော ပေးချေမှုတွေအတွက် CBM-System ACH စနစ်တွေကို အသုံးပြုဖို့ ၊ QR အသုံးပြုငွေပေးချေမှုတွေကို လက်ရှိ အကောင်အထည်ဖော်နေတဲ့ Digital Payment Switch နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားဖို့ ညွှန်ကြားလိုက်ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်တွေဟာ –
၁- လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ ။
၂- လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများ အပါအဝင် အုပ်စုအတွက် လုပ် ငန်းဆောင်ရွက်မှု ပမာဏကို တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀။
၃- မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ် ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်။
၄-ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေး ချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်။
၅- ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန် ။
၆- ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန်။
၇-စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေး ချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန်။
၈-Merchant များအတွက် မှတ်ပုံတင်ရာတွင် အချက်အလက် မှန်ကန်မှု ရှိစေရေး သေချာစိစစ်ရန်၊ အမှန်တကယ် Merchant ဖြစ်ကြောင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများက အာမခံပေးရန် တို့ ဖြစ်ပါတယ်။
“လူပုဂ္ဂိုလ်မှ ရောင်းချသူကို ငွေပေးချေဖို့က တစ်နေ့ သိန်း ၁၀၀ ပဲ ပေးချေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကားဝယ်တာ ၊ ရွှေဝယ်တာ ၊ အာမခံဝယ်တာတွေဆို အခါခါ ခွဲသွင်းနေလို့မှ မရတာ ။ ပြီးတော့ တချို့ လုပ်ငန်းတွေဆို ဝင်တာလဲ တစ်ရာမက ထွက်တာလဲ တစ်ရာမက ရှိနေတာပဲ။ ကားဝယ်တာ ကား ရောင်း တာဆိုလည်း သိန်း ၅၀ပဲ လွှဲရတော့ ကျန်ငွေက အိတ်နဲ့ထည့်သယ်လာပြီး ဝယ်ရောင်း လုပ်ရမှလား ။ နေ့တိုင်းငွေဝင် ငွေထွက်များတဲ့ လုပ်ငန်းတွေကျ ဘယ်လိုလုပ်မလဲ ၊ ဥပဒေပဲ ထုတ်ထားကြတာ ဥပဒေက ဟာကွက်ကို မမြင်ကြဘူး” လို့ ကားဝယ်ရောင်းလုပ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
Online Shopping လုပ်ငန်းလုပ်နေသူတစ်ဦးက “ကျမတို့ဆို OS လိုင်စင်လည်း လုပ်ထားတယ်။ အခုက ငွေပေးငွေယူ ဒီထက်ပိုတင်းကြပ်လာရင် ဘာလုပ်စားရမလဲ။ merchant လိုင်စင်မလုပ်ထားရင် အကောင့်ပိတ်ခံရမလားပါ ပူရပြီ ။ ခုက ကိုယ်ရှာတဲ့ငွေကို အချိန်မရွေး သူများသိမ်းမှာပူနေရတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်တွေကို မလိုက်နာရင် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
Photo – Facebook