၂၄ ဒီဇင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေ မငြိမ်သက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ မဖြစ်နိုင်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောဆိုကြောင်း အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ Times of India က ဖော်ပြပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် အာရက္ခတပ်တော် (AA)က ထိန်းချုပ်ထားတဲ့အတွက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးကိစ္စကို အကောင်အထည်ဖော်ဖို့အစီအစဉ်ဟာ လက်တွေ့ မကျတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး Touhid Hossainက ဒီဇင်ဘာ ၂၂ ရက်က ပြောဆိုလိုက်ပါတယ်။
အစောပိုင်းက စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိထားပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အခြေအနေက တအားရှုပ်ထွေးနေပြီလို့ ဝန်ကြီးက ပြောဆိုပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းလောက်ရှိပြီး အများစုက ၂၀၁၇ ရိုဟင်ဂျာအရေးအခင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သူတွေ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်က ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပတဲ့ မြန်မာနဲ့ အိမ်နီးချင်း ၅ နိုင်ငံ အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးလည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဝန်ကြီးက ရိုဟင်ဂျာတွေ ဘေးကင်းကင်းနဲ့ နေရပ်ပြန်ပို့ဖို့ ကိစ္စဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးမှု အာမခံချက် မပေးနိုင်သေးတဲ့အတွက် မဖြစ်နိုင်ဘူးလို့ ထောက်ပြ ပြောဆိုဖူးပါတယ်။
ရိုဟင်ဂျာအဖွဲ့အစည်းတွေစုပေါင်းပြီး လက်ရှိ ရခိုင်ပြည်နယ်မှာ မြို့နယ်အများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် AA ကို ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ပါဝင်တဲ့ အချက် ၉ ချက်ပါ တောင်းဆိုစာတစ်စောင်ကို ဒီဇင်ဘာလ ၂၃ ရက်က ပေးပို့ထားကြောင်း သိရပါတယ်။
ပုံစာ – ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၀ က မြင်ရစဉ်
ဓာတ်ပုံ- UNICEF/LeMoyne