Homeဆောင်းပါးပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကလေးသူငယ်တွေအတွက် မည်သူ့တွင်တာဝန်ရှိသနည်း

ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကလေးသူငယ်တွေအတွက် မည်သူ့တွင်တာဝန်ရှိသနည်း

(သတင်းဆောင်းပါး)

၁၂ ဇူလိုင်၊၂၀၂၄

“နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း”ဆိုသည့် စကားအတိုင်း ပညာသင်ခွင့်ရသည့် ကလေးသူငယ် အဖြူအစိမ်းဝတ်၍ ကျောင်းသို့သွားချင်ကြသည်။ “ကလောင် ကလောင်” ဆိုသည့် ကျောင်းတတ်ခေါင်း လောင်းထိုးသံသည်လည်း ကလေးများအတွက် ပျော်ရွှင်ကြည်နူး ဖွယ်အသံ ပင်ဖြစ်သည်။

သို့သော် ယင်းအသံသည် အချို့သော ကလေးများအတွက်မဖြစ်နိုင်တော့ချေ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်မှစ၍ ပညာသင်ကြားမှုကို ရပ်နားခဲ့သည်။

ထိုအချိန်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းများပိတ်လိုက်သည့်အတွက် အခြေခံပညာကျောင်း များ တွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ အားလုံး ပညာသင်နှစ်တစ်နှစ် အောက်ခဲ့ရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် သမိုင်း၌ အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်သည့် အာဏာသိမ်းမှုကို မြန်မာစစ် ခေါင်းဆောင် မင်းအောင်လှိုင်က ကျူးလွန်ခဲ့သည်။ ယင်းအခြေ အနေကြောင့်ပင် ကျောင်းသား လူငယ် အမြောက်အများ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ကြရပြန်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် မြန်မာ့ပဋိပက္ခဖြစ်စဉ်အပေါ် စောင့်ကြည့်လေ့လာကြသည့် NGO၊ INGO အ ဖွဲ့များ၏ စစ်တမ်းများအရ ကျောင်းသား ဦးရေ (၁၄) သန်းဝန်းကျင် စာသင်ကြားခွင့် ဆုံးရှုံး နေကြရပြီး အဆိုပါ အရေအတွက်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကထက် စာသင်ကြားခွင့်ဆုံးရှုံးနေသည့် ကျောင်းသားဦးရေ (၁) သန်းဝန်းကျင် ပိုတိုးလာခြင်းဖြစ်သည်။

NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း၏ ဧရာဝတီသတင်းဌာနကို ပြော ကြားထားချက်အရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ပဋိပက္ခများကြောင့် စာသင်ကြားခွင့် ဆုံးရှုံးခဲ့သည့် ကျောင်း သား လူငယ် (၁၃) သန်း ရှိပြီး အဲဒီလို ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့သည့် ကလေးငယ်များအတွက် NUG က ကြားကာလပညာရေးကို အကောင် အထည်ဖော်ဖို့ ကြိုးစားခဲ့သည်ကို တွေ့ရသည်။

သို့သော် စစ်ရေးပဋိပက္ခ ပြင်းထန်သည့် ဒေသများတွင် စစ်တပ်က လေကြောင်းထိုးစစ်များ ပြင်းပြင်း ထန် ထန်‌လုပ် ဆောင်နေသည့်အပြင် မြေပြင်က စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများကြောင့်လည်း NUG ၏ ကြားကာလပညာရေး အစီအစဉ်သည် ထိထိရောက်ရောက် အကောင်အထည်ပေါ် လာသည်ကို မတွေ့ ရကြောင်း မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောသည်။

” အဓိကတော့ လေကြောင်းပစ်ခတ်မှုတွေပေါ့။ ကလေးတွေ စာသင်ခွင့်ရဖို့ဆိုတာက နယ်မြေဒေသ အေးချမ်းတည်ငြိမ်ပြီး လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးရှိမှ ဖြစ်တာပေါ့။ အခုဟာက မြေပြင်က စစ် ကြောင်းထိုးတာ တစ်မျိုး၊ အပေါ်က လေယာဉ်နဲ့ ပစ်တာက တစ်မျိုး ဆိုတော့ ဘယ်လိုမှ စာသင်လို့မ ဖြစ်နိုင်ဘူးလေ။ NUG ရဲ့ ပညာရေးလုပ်ဆောင်ချက်ဆိုတာကလည်း တကယ်ပဋိပက္ခပြင်း ထန်တဲ့နေရာ တွေမှာကျ အဆင်မပြေနိုင်ဘူးလေ” ဟု ၎င်းကဆိုသည်။

ငွေကြေးတတ်နိုင်သူများက ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများတွင် တတ်ရောက်ပညာသင်ယူသလို ငွေကြေးမတတ်နိုင်သူများက အစိုးရကျောင်းများတွင် တတ်ရောက်ပညာသင်ကြားနေကြခြင်း ဖြစ်သည်။

သို့သော် စစ်အုပ်စုလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့်ကျောင်းများတွင် တတ်ရောက် သည့်ကျောင်းသားအများစုသည် အဘက်ဘ က်မှဝေဖန်ပြစ်တင်သံကို ခံစားကြရသည်။

“ကျောင်းတတ် တဲ့ အရွယ်တိုင်း ပညာသင်ခွင့်ရှိပါတယ်။ အခုအခြေအနေက ပြောရမယ်ဆိုရင် ကျောင်း သားတွေအတွက် အခက်အခဲရှိတာပေါ့။ ဒီဘက်ကကျောင်းမှာတတ်ရင်လည်း ဟိုဘက်က ဝေဖန်ကြတယ်။ အစိုးရကျောင်းတတ်ရင်ပဲ အပြစ်သားလိုပြောခံရတယ်။ ကိုယ်ပိုင်ကျောင်း တတ်တဲ့ သူတွေကရော ဘာဖြစ် လို့လဲ။ တစ်ကယ်တော့ပြောရမယ်ဆိုရင် ဒီကလေးတွေမှာအပြစ်မရှိဘူး။ နိုင်ငံရေးဆိုတာ ဘာမှန်းသူ တို့သိတာမဟုတ်ဘူး။ မြေစာပင်မဖြစ်စေချင်ဘူး”ဟု ရန်ကုန် တိုင်းဒေသကြီးသာကေတမြို့နယ်တွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သည့် အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံနေရာ အနှံ့အပြား နီးပါးတွင် တိုက်ပွဲများဖြစ်ပွားနေသည့် အခြေအနေလည်း ဖြစ်သည်။

ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်မြို့နယ်များတွက်လည်း ကလေးများက ပညာသင်ယူရန် ခက်ခဲ နေကြသည်။ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမှလွဲ၍ ကျန်နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ကျောင်းနေအရွယ်ကလေးများမှာ ပညာမသင်ကြားနိုင်ပဲ စစ်ရှောင်နေကြရခြင်း ဖြစ်သည်။

အဆိုပါကလေးများသည် ငယ်စဉ်ကရသင့်သည့် အ‌ခြေခံအရာများဖြစ်သည့် အိမ်၊ ကျောင်း၊ သူငယ်ချင်း၊ အမိုးအ ကာ ကစသည့် ပညာသင်ခွင့်၊ လုံခြုံမှုစသည့် အခြေခံအချ က် များကို ရဖူးဟည်ဟု မရှိအောင်ပင် အခြေခံအခွင့်အရေးဆုံးရှုံးနေခြင်းလည်း ဖြစ်သည်။

“ဒီအရာဟာ ကိုယ်တွေရွေးချယ်တာမဟုတ်ဘဲ ခံစားနေရတယ်။ ကလေးတွေကို ပညာသင်ကြားခွင့် ရစေချင်တယ်။ ပညာတတ်ကြီးဖြစ်စေချင်တာပေါ့။ ဘယ်မိဘက မဖြစ်စေချင်မလဲ။ ဒါပေမဲ့ ဒီအခွင့်အရေးကမရခဲ့ဘူး။ တာဝန်မကျေသလိုခံစာရတယ်”ဟု ကယားပြည်နယ်ရှိ ဒေသခံတစ်ဦးက ရင်ဖွင့်ပြောကြားသည်။

ယခုအခါ တစ်နိုင်ငံလုံးနီးပါး စစ်ဘေးရှောင်နေကြရပြီး ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေကြသည်။

ပညာသင်ကြားရမည့်အရွယ်ကလေးငယ်များသည် တိုက်ပွဲများကြားက မြေစာပင်ဖြစ်နေကြသည်။ ထို့ပြင် ယခုပညာသင်နှစ်အစ ဖြစ်သည့် ဇွန်လ (၄) ရက်တွင်လည်း ထားဝယ်မြို့ရှိ အခြေခံပညာမူလတန်း စာသင် ကျောင်းတကျောင်းတွင် ထမင်းစားနားချိန် ဗုံးပေါက်ကွဲ မှုကြောင့် ကျောင်းသား(၁)ဦး သေဆုံးပြီး (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်စဉ်က စုံစမ်းကြည့်၍ ရသည့် အချက်အလက်အရ ကလေးငယ် များသည် မပေါက်ကွဲသေးသည့် ဗုံးကို ကောက်ယူ ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယခု ကဲ့သို့ ကလေးငယ်များ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသည်မဖြစ်သင့်ပေ။ မည်သည့်အဖွဲ့အစည်းဖြစ်စေ ကလေးများစာသင်နေသည့် ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စာသင်‌ကျောင်းနှင့် အနီးတဝိုက်တွင် တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်လက် နက်ပစ္စည်းနှင့် မပေါက်ကွဲသေးသည့် ကြွင်းကျန်ပစ္စည်းများ ရှိနေစေခြင်းမှာ မည်သို့မျှမဖြစ်သင့်ကြောင်း ထားဝယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခု၏ တာဝန်ခံတစ်ဦးက ဆိုသည်။

” ကျောင်းသားအရွယ် ကလေးငယ်တွေ သေကျေပျက်စီးကြရတာ၊ ထိခိုက်ဒဏ်ရာရ ကြရတာတွေဆိုတာ တကယ်တော့ လုံးဝမဖြစ်သင့်တဲ့ အရာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကလေးတွေဟာ ရိုးသားဖြူ စင်ကြ တယ်။ အရောင်အသွေးကင်းကြတယ်။ သူတို့မှာ ပင်ကိုယ်အလှတရားတွေရှိကြပါတယ်။ ကလေးတိုင်း အားလုံး အမြန်ဆုံးနဲ့ ငြိမ်းငြိမ်းချမ်းချ မ်း ပညာသင်ကြားခွင့်ရဖို့ကို မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ကလေးငယ်များသည် တိုင်းပြည်၏ အနာဂါတ်ပင် ဖြစ်ပြီး ထူးချွန်ထက်မြက်သော ကလေးငယ်များသည် တိုင်းပြည်တည်ဆောက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် လူငယ်များ ပညာ သင်ခွင့် အပြည့်အဝရရှိစေရန် ဝိုင်းဝန်းကြိုပမ်းကြရ‌မည် ဖြစ်သည်လည်း ၎င်းက ပြောကြားသွားသည်။

ဆက်စပ် သတင်းများ

Most read