Homeဆောင်းပါးနှုတ်ဆက်ပွဲလား အာဏာအပြောင်းလား — မင်းအောင်လှိုင်ရဲ့ နောက်တစ်ဆင့်

နှုတ်ဆက်ပွဲလား အာဏာအပြောင်းလား — မင်းအောင်လှိုင်ရဲ့ နောက်တစ်ဆင့်

By New Day Myanmar

စစ်ခေါင်းဆောင် မင်းအောင်လှိုင် က နေပြည်တော်မှာ ၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေအနေတွေကို မတ် ၁၃ ရက်မှာ ရှင်းလင်းပြောဆိုခဲ့တာက တပ်ချုပ်ရာထူးက အနားယူတော့မယ့် လက္ခဏာတစ်ခုလားဆိုတဲ့ မေးခွန်းတွေ ထပ်မံပေါ်လာစေပါတယ်။

အစည်းအဝေးကို နေပြည်တော်စစ်ရုံးအပါအဝင် တစ်နိုင်ငံလုံးက တိုင်းစစ်ဌာနချုပ်တွေ၊ တပ်မှူးတွေ၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးတွေကို လူကိုယ်တိုင်သော်လည်းကောင်း၊ video conferencing နဲ့သော်လည်းကောင်း ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးအတွင်း မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်ကစပြီး တပ်ချုပ်တာဝန် စယူခဲ့ချိန်ကနေ လက်ရှိအချိန်အထိ သူ ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေကို နှစ်နာရီနီးပါးကြာ ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးအဆုံးပိုင်းမှာတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို လက်တွဲဆောင်ရွက်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အဲဒီပြောဆိုမှုက နှုတ်ဆက်ပွဲသဘောဆန်နေတယ်လို့ စစ်ဘက်အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ဘက်အသိုင်းအဝိုင်းအတွင်း ထွက်ပေါ်နေတဲ့ သုံးသပ်ချက်တွေက မင်းအောင်လှိုင်ဟာ မတ်လကုန်ဝန်းကျင်မှာ တပ်ချုပ်ရာထူးက အနားယူနိုင်တယ်လို့ ဆိုပါတယ်။

မတ်လအတွင်း စစ်လေယာဉ်နဲ့ ရေယာဉ်တွေ တပ်တော်ဝင်တဲ့ အခမ်းအနားကို ပုံမှန်နှစ်ပတ်လည်နေ့မဟုတ်ဘဲ ကျင်းပခဲ့တာ၊ အခု ၁၅ နှစ်တာ တပ်ချုပ်ဘဝ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာတွေကလည်း တပ်ချုပ်ဘဝ အဆုံးသတ်ဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေ ဖြစ်နိုင်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

တပ်တွင်းပြောဆိုမှုတွေထဲမှာတော့ မင်းအောင်လှိုင် အနေနဲ့ တပ်က အနားယူပြီး သမ္မတရာထူး ယူမလား၊ ဒါမှမဟုတ် အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌရာထူး ယူမလားဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သုံးသပ်ချက်တွေအရ မင်းအောင်လှိုင် အနေနဲ့ တပ်ချုပ်ရာထူးက အနားယူပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းမယ့် ဒုတိယသမ္မတနေရာကနေ သမ္မတရာထူးကို ရယူလာနိုင်တယ်ဆိုတဲ့ အမြင်တွေရှိပါတယ်။

လာမယ့် မတ် ၁၆ ရက်မှာ ပြည်သူ့လွှတ်တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ မတ် ၂၀ ရက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ စတင်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့အချိန်နဲ့လည်း ဒီလှုပ်ရှားမှုတွေက တိုက်ဆိုင်နေပါတယ်။

ဒါကြောင့် စစ်ကော်မရှင်ဘက်က အစိုးရသစ်ဖွဲ့စည်းရေး လုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ပြီး မင်းအောင်လှိုင်ရဲ့ နောက်တစ်ဆင့် နိုင်ငံရေးအခန်းကဏ္ဍကို ပြင်ဆင်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ပိုများလာပါတယ်။

စစ်ဘက်ရေးရာ လေ့လာသူတွေကတော့ မင်းအောင်လှိုင် တပ်ချုပ်ရာထူးက အနားယူမယ်ဆိုရင်တောင် စစ်တပ်အပေါ် ထိန်းချုပ်နိုင်စွမ်း ဘယ်လောက် ဆက်ရှိနေမလဲဆိုတာက အရေးကြီးဆုံး မေးခွန်းဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အစဉ်အလာအရ တိုက်ရိုက်ရာထူးအာဏာ မရှိဘဲ စစ်တပ်ကို ထိန်းချုပ်ဖို့ မလွယ်ကူတာကြောင့် နောက်တက်လာမယ့် တပ်ချုပ်နဲ့ မင်းအောင်လှိုင်ကြား ဆက်ဆံရေးက အဓိက အချက်ဖြစ်လာနိုင်ပါတယ်။

၁၅ နှစ်တာ တပ်ချုပ်ဘဝ ရှင်းလင်းပွဲအတွင်း မင်းအောင်လှိုင်က နိုင်ငံရေးအစိုးရတွေဟာ သတ်မှတ်သက်တမ်းအလိုက် ပြောင်းလဲနိုင်ပေမယ့် စစ်တပ်ကတော့ မပြောင်းလဲဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြောပါတယ်။

စစ်တပ်အနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရမယ်လို့လည်း ထည့်သွင်းပြောပါတယ်။

ဒီလိုပြောဆိုချက်တွေက သူ တပ်က အနားယူသွားရင်တောင် စစ်တပ်ဟာ နိုင်ငံရေးမှာ ဆက်ပြီး ဗဟိုအခန်းကဏ္ဍယူထားမယ်ဆိုတဲ့ သဘောထားကို ထပ်လောင်း အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ၁၉၅၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိ အသက် ၇၀ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူရွေးချယ်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ စီးပွားရေးကျဆင်းမှုတွေ ဆက်လက်ပြင်းထန်နေပါတယ်။

လက်ရှိ အခြေအနေအရ ၁၅ နှစ်တာ တပ်ချုပ်ဘဝကို ပြန်လည်သုံးသပ်တဲ့ ဒီအစည်းအဝေးဟာ သာမန်လုပ်ငန်းအစည်းအဝေးထက် မင်းအောင်လှိုင်ရဲ့ နောက်တစ်ဆင့် နိုင်ငံရေးအခန်းကဏ္ဍအတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

မတ်လကုန်နီးလာတာနဲ့အမျှ မင်းအောင်လှိုင် တပ်ချုပ်ရာထူးက အနားယူမလား၊ အစိုးရသစ်အတွင်း ဘယ်ရာထူးကို ရယူလာမလဲဆိုတာက စစ်ကော်မရှင်ရဲ့ နောက်လာမယ့် အာဏာတည်ဆောက်ပုံကို ဆုံးဖြတ်ပေးမယ့် အရေးပါတဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး